- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရန် ဒေသခံများပြော
အကိုင်အခွင့်အလမ်းရရှိရေးအတွက် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် တည်ဆောက်ရန်စီစဉ်နေသည့် ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် ဒေသခံများက မျှော်လင့်နေကြသည်။
23 Apr 2022
DMG ၊ ဧပြီ ၂၃
အကိုင်အခွင့်အလမ်းရရှိရေးအတွက် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် တည်ဆောက်ရန်စီစဉ်နေသည့် ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် ဒေသခံများက မျှော်လင့်နေကြသည်။
ပုဏ္ဏားကျွန်းစက်မှုဇုန်ကို အကောင်အထည်ပေါ်လာပါက ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့်အတူ အလုပ်အကိုင်ရရှိရေးတို့ကို မျှော်လင့်ကြောင်း ပုဏ္ဏားကျွန်းမြို့ဒေသခံ ကိုသားကြီးကပြောသည်။
“ကျနော်တို့ရခိုင်ပြည်မှာက အလုပ်အကိုင်တွေရှားပါးတာက သိတဲ့အတိုင်းဖြစ်တယ်။ အလုပ်မရှိလို့ ရခိုင်ပြည်ကထွက်ပြီး (တခြားနေရာတွေမှာ) သွားလုပ်နေရတယ်။ လူသားအရင်းအမြစ်တွေ ဆုံးရှုံးနေရတယ်။ ဘာပဲဖြစ်ဖြစ် အလုပ်အကိုင်လေးတစ်ခုရရင် မိသားစုစားဝတ်နေရေး အဆင်ပြေတယ်”ဟု ၎င်းကပြောသည်။
ဒေသဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်များရရှိရန်အတွက် ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းကို ဦးစားပေးကိစ္စ တစ်ရပ်အနေဖြင့်ဆောင်ရွက်နေသည်ဟု ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်စစ်ကောင်စီက ပြောဆိုထားသည်။
မိမိဒေသတွင် စက်မှုဇုန်များတည်ဆောက်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိမည်ဆိုပါက ပို၍အဆင်ပြေမည်ဖြစ်ကြောင်း ရန်ကုန်တွင် အလုပ်လုပ်ကိုင်နေသည့် ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်ကျေးရွာမှ မခင်မြတ်လှိုင်ကပြောသည်။
“ကိုယ့်ဒေသမှာ အလုပ်လုပ်ချင်တာပေါ့။ ဒါပေမယ့် ကိုယ့်ဒေသမှာအဆင်မပြေလို့၊ အလုပ်မရှိလို့ တခြားဗမာပြည်ဘက်မှာသွားပြီး လုပ်နေရတာဖြစ်တယ်။ အခုလို ထွက်လုပ်နေတာလည်း သုံးနှစ်လောက်ရှိတော့မယ်”ဟု သူကဆိုသည်။
ပုဏ္ဏားကျွန်းစက်မှုဇုန်ကို ပြီးခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် စတင်အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့သည်။ ယင်းစက်မှုဇုန်တည်ဆောက်ရန် ရခိုင်ပြည်နယ် ဒေသအသီးသီးမှ ကုမ္ပဏီ ၁၇ ခုဖြင့်ဖွဲ့စည်းထားသည့် မြန်မာ့ကျောက်ဖြူအထူးစီးပွားရေးဇုန်ကုမ္ပဏီ(MKSH)နှင့် နားလည်မှုစာချွန်လွှာကိုလည်း ရေးထိုးခဲ့ကြသည်။
သို့သော် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို အကောင်အထည်မဖော်နိုင်ခဲ့သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရတက်လာပြီးနောက် ၎င်းစက်မှုဇုန်ကို ဒုတိယအကြိမ် အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သည်။
ထိုသို့ကြိုးပမ်းခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းရှင်မရှိဟုဆိုကာ အကောင်အထည်မပေါ်နိုင်ခဲ့ပေ။
ယင်းသို့ အစိုးရနှစ်ဆက်ကြိုးပမ်းခဲ့သော်လည်း အကောင်အထည်ပေါ်မလာသေးသည့် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို ယခုစစ်ကောင်စီလက်ထက်တွင် ပြန်လည်အသက်သွင်းမည်ဟု ပြောဆိုလာခြင်းဖြစ်သည်။ သို့သော် လက်ရှိအချိန်ထိ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ခွင့်ပြုချက်မရရှိသေး၍ ပုဏ္ဏားကျွန်းစက်မှုဇုန်ကို အကောင်အထည်မဖော်နိုင်သေးဟု ပြည်နယ်စစ်ကောင်စီ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က DMG ကို ပြောသည်။
“ပုဏ္ဏားကျွန်းစက်မှုဇုန်က လယ်ယာမြေအသုံးချခွင့်ကို ဗဟိုလယ်စီကိုတင်ထားတယ်။ ဗဟိုလယ်စီက လယ်ယာမြေပါတဲ့အတွက်ကြောင့် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်ဆိုတာရှိတယ်။ လယ်မြေကို စက်မှုဇုန်လုပ်မယ်ဆိုတော့ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်ကို ခွင့်ပြုလိုက်ပြီဆိုလို့ရှိရင် အကောင်အထည်ဖော်လို့ ရပြီဖြစ်တယ်”ဟု ၎င်းကဆိုသည်။
ထိုသို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ခွင့်ပြုချက်ရပါက ပုဏ္ဏားကျွန်းစက်မှုဇုန်ကို အကောင်အထည် ဖော်ရန်အတွက် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ဝန်ကြီးဦးစံရွှေမောင်ကပြောသည်။
ဒေသအတွင်း လူနေမှုစီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအပြင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေရန်အတွက် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို အမြန်ဆုံးအကောင်အထည်ဖော်ရန် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ သြဂုတ်လက ရခိုင်ပြည်နယ်လွှတ်တော်တွင်လည်း အတည်ပြုခဲ့သည်။
ပုဏ္ဏားကျွန်းစက်မှုဇုန်ကို ပြန်လည်အကောင်အထည်ဖော်မည့်ကိစ္စမှာ စစ်ကောင်စီအနေဖြင့် ခက်ခဲမည့် အနေအထားတွင်မရှိနိုင်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးအောင်သန်းတင်က ရှုမြင်သည်။
“အခုစစ်ကောင်စီက ဒီစက်မှုဇုန်ကိုအကောင်အထည်ဖော်မယ်ဆိုရင် ကောင်းတာပေ့ါ။ ဒေသမှာရှိတဲ့ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်း ရမယ်ဆိုတာကိုသိတဲ့အတွက် ကောင်းတယ်လို့ပဲယူဆတယ်။ စက်မှုဇုန် အကောင်အထည်ဖော်မယ့်ကိစ္စနဲ့ပတ်သက်လို့လည်း မြေယာကိစ္စက အဆင်သင့်ရှိပြီးသားဖြစ်တယ်။ စီမံကိန်းကို အကောင်အထည်ဖော်မယ်ဆိုရင်တော့ အဆင်သင့်ပဲ။ လွယ်လွယ်ကူကူနဲ့ပဲ ဆောင်ရွက်မယ်ဆိုရင် ရတဲ့အဆင့်မှာရှိတယ်။ အဲဒီအပေါ်မှာ သူတို့(စစ်ကောင်စီ)အနေနဲ့ ဘာမှခက်ခက်ခဲခဲမရှိဘူးလို့မြင်တယ်”ဟု သူကဆိုသည်။
ပုဏ္ဏားကျွန်းစက်မှုဇုန်ကို အကောင်အထည်ဖော်နိုင်ပါက ရခိုင်ပြည်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်ပြီးလျှင် ဒုတိယမြောက်အကြီးဆုံး စက်မှုဇုန်စီမံကိန်းတစ်ခုဖြစ်လာမည်ဖြစ်သည်။
ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းတွင် တယ်လီဖုန်းဆက်စပ်ပစ္စည်းထုတ်လုပ်သည့်စက်ရုံ၊ အထည်ချုပ်လုပ်ငန်း၊ စားသောက်ကုန်ပစ္စည်းထုတ်လုပ်သည့်စက်ရုံ၊ လယ်ယာသုံးပစ္စည်းစက်ရုံနှင့် ဆေးဝါးထုတ်လုပ်သည့်စက်ရုံတို့ တည်ဆောက်ရန် လျာထားကြသည်။