ရခိုင်တွင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်ဆောင်ရွက်နေဟု ပြည်နယ်စိုက်ပျိုးရေး တာဝန်ရှိသူပြော

ရခိုင်ပြည်အတွင်း ပြည်သူများ စားသုံးဆီဖူလုံစွာရရှိရေးအတွက် ရခိုင်ကမြို့နယ်အချို့တွင် ဆောင်းရာသီ ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးရန်စီစဉ်နေကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

04 Mar 2022

Photo - အစိမ်းရောင်လမ်း

DMG ၊ မတ် ၄

ရခိုင်ပြည်အတွင်း ပြည်သူများ စားသုံးဆီဖူလုံစွာရရှိရေးအတွက် ရခိုင်ကမြို့နယ်အချို့တွင် ဆောင်းရာသီ ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးရန်စီစဉ်နေကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ရခိုင်တွင် စားသုံးဆီဖူလုံမှုမှာ ၄၄ ရာခိုင်နှုန်းသာရှိပြီး စားသုံးဆီ ဖူလုံရေးအတွက် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်မြို့နယ်များရှိလယ်မြေများတွင် မြေပဲသီးနှံများကို သီးထပ်စိုက်ပျိုးထားကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှသိင်္ဂီက DMG သို့ပြောသည်။

“ကျမတို့က ဒီနှစ်ဆောင်းဦးသီးနှံတွေမှာ တောင်သူတွေကို တိုးချဲ့စိုက်ပျိုးနိုင်ရန် ပညာပေးတဲ့အနေနဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်မြို့နယ်တွေမှာ ဧက ၁၀၀ နဲ့ စံပြကွက်တွေကို အစိုးရအဖွဲ့အစည်းတွေနဲ့ဆောင်ရွက်နေပါတယ်”ဟု ၎င်းကပြောသည်။

ယခုအချိန်တွင် ဆီထွက်သီးနှံများထဲမှ မြေနှင့်လိုက်ဖက်မည့် သီးထပ်စိုက်ပျိုးသင့်သည့်သီးနှံတို့ကို တောင်သူတို့အတွက် Plan ဆွဲနေပြီး ပညာပေးမှုပြုလုပ်သွားရန်စီစဉ်နေကြောင်းလည်း ဒေါ်လှသိင်္ဂီက ဆက်ပြောသည်။

“အကောင်အထည်ဖော်မှာတော့ ကျမတို့ ခုကတည်းကစပြီးတော့ တောင်သူတွေကို စံပြကွက်တွေမှာစိုက်ပျိုးပြမယ်။ အဲဒါကို တောင်သူတွေကိုပြမယ်။ အရင်တုန်းကမြေပဲဆိုရင် အများအားဖြင့် ရေကျသွားတဲ့ကိုင်းကျွန်းမြေတွေမှာပဲ စိုက်တယ်။ အခုနောက်ပိုင်းဆိုရင် မြို့နယ်တိုင်းမှာ ဆီထွက်သီးနှံတွေထဲက ဘယ်သီးနှံတွေကို မိုးစပါးစိုက်ပြီးတဲ့လယ်တွေမှာ သီးထပ်စိုက်ပျိုးလို့ရပါတယ်ဆိုပြီး ပညာပေးဆောင်ရွက်နေတယ်။ ဒါတွေကို တောင်သူတွေ ထပ်မံပြီးတိုးချဲ့စိုက်လာအောင် ပညာပေးနေတာ” ဟု ၎င်းက‌ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဆီထွက်သီးနှံများကို မြို့နယ်တိုင်းတွင် စိုက်ပျိုးကြသော်လည်း မြေပဲဆောင်းသီးနှံကို မာန်အောင်၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ဂွတို့တွင် အများဆုံးစိုက်ပျိုးကြပြီး နေကြာများကို တောင်ကုတ်၊ ဂွမြို့နယ်တို့တွင် စိုက်ပျိုးကြောင်းသိရသည်။

သီးထပ်စိုက်ပျိုးနိုင်ရန်ဆောင်ရွက်ခြင်းမှာ ကောင်းမွန်သော်လည်း အစိုးရအနေဖြင့် စိုက်ခင်းများအတွက် ရေပေးဝေရေးနှင့် တခြားကူညီထောက်ပံ့မှုတို့လည်း ပေးရန်လိုအပ်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက အကြံပြုပြောဆိုသည်။

“အဓိက သီးထပ်စိုက်ပျိုးနိုင်ဖို့အတွက် ရေပေးဝေမှုက ရခိုင်ပြည် အတိုင်းအတာအရ မရှိဘူးဖြစ်နေတယ်။ အခုလို သီးထပ်စိုက်ပျိုးနိုင်ရန် ဆောင်ရွက်မှုအပေါ်မှာ ရေပေးဝေမှုအထောက်အပံ့တော့လိုအပ်တယ်လို့ လယ်သမားတွေကမြင်တယ်လေ။ အဲဒီအထောက်အပံ့သာပေးနိုင်ရင်တော့ လုံးဝလိုအပ်ချက်တစ်ခုအဖြစ်နဲ့ပြည့်စုံမယ်။ သီးထပ်စိုက်ပျိုးတဲ့အနေနဲ့ စားသုံးဆီအပြင် တခြားသော ကျနော်တို့ရာသီပေါ်သီးနှံတွေ စားသုံးကုန်တွေအနေနဲ့ ပိုပြီးဖူလုံသွားမယ်”ဟု ဦးကျော်ဇံက DMG သို့ပြောသည်။

ရခိုင်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန်ညင်း၊ ပန်းနှမ်းများကို ပြည်နယ်အနှံ့တွင်စိုက်ပျိုးကြကြောင်း ပြည်နယ်စိုက်ပျိုးရေးဌာနမှ သိရသည်။

သို့သော်လည်း ယခုနှစ်တွင် ရာသီဥတုမမှန်သည့်အတွက် မြေပဲ ဥနည်းခြင်း၊ ဓာတ်မြေဩဇာဈေးတက်ခြင်း၊ ဆီဈေးတက်ခြင်း၊ မြေပဲဝယ်ယူသူနည်းပါးခြင်း၊ အလုပ်သမားခ ဈေးတက်ခြင်းတို့ကြောင့် မြေပဲစိုက်ပျိုးသူများမှာ အရှုံးပေါ်နေကြကြောင်းသိရသည်။