- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်တော်မြို့နယ်တွင် လက်နက်ကြီးထိမှန်၍ မွတ်ဆလင်အမျိုးသမီးတစ်ဦး သေဆုံး
လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ယာသ်မီနာမှာ ညာဖက်ပေါင်ရင်း၌ ဒဏ်ရာပြင်းထန်စွာရရှိသွားကာ အပေါက်ဝဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ည ၉ နာရီအချိန်ခန့်တွင် ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း လူနာကို လိုက်ပါပို့ဆောင်ခဲ့သည့် ဒေသခံ ကိုမောင်လှထွန်းကပြောသည်။
18 Oct 2022
DMG ၊ အောက်တိုဘာ ၁၈
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ပိုက်သည်(မွတ်ဆလင်)ကျေးရွာအတွင်းသို့ ယမန်နေ့ (အောက်တိုဘာလ ၁၇ ရက်)၊ ည ၈ နာရီအချိန်ခန့်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိကာ သေဆုံးသွားကြောင်း သိရသည်။
ကျောက်တော်မြို့တွင် ယမန်နေ့က ညနေပိုင်း ၇ နာရီကျော်အချိန်ခန့်မှစတင်ကာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ထွက်ပေါ်ခဲ့သည်။ ထိုစဉ်အသက် ၃၀ အရွယ် ယာသ်မီနာဆိုသူသည် မိခင်ဖြစ်သူအိမ်မှ မိမိအိမ်သို့ ထွက်ပြေးစဉ် လက်နက်ကြီးကျည်တစ်လုံး ထိမှန်၍ သေဆုံးသွားခြင်းဟု ပိုက်သည်ရပ်ကွက်မှ ဒေသခံတစ်ဦးကဆိုသည်။
“သူက ညနေပိုင်းကတည်းက သူ့အမေအိမ်မှာ သွားလည်နေတာ။ လက်နက်ကြီး၊ လက်နက်ငယ် ပစ်သံတွေကြားတော့ အပြင်မထွက်ရဲလို့ ပုန်းခံနေသေးတယ်။ ခဏငြိမ်သွားတဲ့အချိန်မှာ အိမ်မှာကျန်ခဲ့တဲ့ သူ့သားသမီးတွေကို စိတ်ပူလို့ဆိုပြီး ထပြေးသွားတာ။ သူပြေးနေတုန်းမှာပဲ လမ်းထဲကို လက်နက်ကြီးကျည်တစ်လုံး ကျပြီးတော့ သူ့ကိုထိသွားတာ”ဟု ၎င်းကပြောသည်။
လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ယာသ်မီနာမှာ ညာဖက်ပေါင်ရင်း၌ ဒဏ်ရာပြင်းထန်စွာရရှိသွားကာ အပေါက်ဝဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ည ၉ နာရီအချိန်ခန့်တွင် ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း လူနာကို လိုက်ပါပို့ဆောင်ခဲ့သည့် ဒေသခံ ကိုမောင်လှထွန်းကပြောသည်။
“ကျနော့်ကို မိန်းကလေးတစ်ယောက် လက်နက်ကျည်ကျသွားလို့ ပို့ပေးပါဆိုပြီး အကူအညီတောင်းလာလို့ ကျနော့်ရွာက ဆေးခန်းဆီပို့ပေးသေးတယ်။ သူတို့က ဒီမှာကုလို့မရတော့ဘူး၊ ဆေးရုံကို ပို့ရမယ်ဆိုပြီး ပြောလိုက်တဲ့အတွက် အပေါက်ဝဆေးရုံကို ကားနဲ့သွားပို့တယ်။ ကျနော်လူနာပို့ပြီး ပြန်ရောက်တာနဲ့ ခဏနေရင် ဆေးရုံမှာ လူနာသေဆုံးသွားပြီလို့ လှမ်းအသိပေးလာပါတယ်”ဟု ၎င်းကပြောသည်။
ကျောက်တော်မြို့ပေါ်ရှိ စကခ ၉ နှင့် ကျောက်တော်တောင်ထက်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့က အနီးအနားပတ်ဝန်းကျင်ရွာများသို့ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိသော်လည်း ယနေ့ပစ်ခတ်မှုမှာ မည်သည့်နေရာက ပစ်ခတ်လိုက်ခြင်းဖြစ်သည်ကို ခန့်မှန်း၍မရကြောင်း ဒေသခံများက ပြောသည်။
“အရင်နေ့တွေကတော့ စကခ ၉ က ပစ်တယ်။ ကျောက်တော်တောင်ပေါ်ကလည်း ပစ်တယ်၊ ပြီးတော့ ကစ္ဆပနဒီ တံနားဂိတ်ကလည်း တခါတလေပစ်လေ့ရှိတယ်။ ဒါပေမဲ့ ဒီနေ့က အရပ်လေးမျက်နှာစလုံးကနေ ပစ်သံတွေ ဆူညံနေတော့ ဘယ်နေရာကလှမ်းပစ်တယ်ဆိုတာ ခန့်မှန်းမကျဘူး။ ဒါပေမဲ့ ကျနော့်အထင်ကတော့ တံတားအောက်ကနေ အရမ်းအသံအကျယ်ကြီးကြားရတဲ့အတွက် ကစ္ဆပနဒီတံတားနားက စစ်ဆေးရေးဂိတ်ကနေ ပစ်တာလို့တော့ ယူဆမိတယ်”ဟု ပိုက်သည်ရွာသားတစ်ဦးက ပြောသည်။
ပိုက်သည်(မွတ်ဆလင်)ရွာသည် ကျောက်တော်မြို့နှင့် (၅)မိနစ်ခန့်သာဝေးကွာပြီး ကစ္ဆပနဒီတံတားအောက်၌ တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။
ကျောက်တော်မြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း စကခ(၉)မှ ညအချိန် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နဂရာကျေးရွာထဲသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့သည်။ ယင်းအပြင် စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း စကခ ၉ မှ ပစ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦး ဒဏ်ရာရရှိသွားခဲ့သည်။