- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စက်သုံးဆီဈေးနှုန်းများကို လျှော့ရောင်းရန်ထုတ်ပြန်ထား၊ သတ်မှတ်နှုန်းထားအတိုင်း မရောင်းပါက အရေးယူမည်
စက်သုံးဆီဈေးနှုန်းများကို မြင့်တက်နေသည့်ဈေးနှုန်းထက် လျှော့ရောင်းချရန် ယနေ့ ဇွန် ၇ရက်တွင်ထုတ်ပြန်ထားပြီး သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းမရှိပါက အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူက DMG သို့ပြောသည်။
07 Jul 2022
DMG | ဇူလိုင် ၇
စက်သုံးဆီဈေးနှုန်းများကို မြင့်တက်နေသည့်ဈေးနှုန်းထက် လျှော့ရောင်းချရန် ယနေ့ ဇွန် ၇ရက်တွင်ထုတ်ပြန်ထားပြီး သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းမရှိပါက အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူက DMG သို့ပြောသည်။
ယနေ့ (ဇူလိုင် ၇ ရက်နေ့)တွင် ရန်ကုန်မြို့တွင် 92Ron တစ်လီတာလျှင် ၁၈၃၅ကျပ်၊ 95 Ron တစ်လီတာလျှင် ၁၉၅၅ ကျပ် ၊ HSD (500pm) တစ်လီတာလျှင်၂၁၉၅ကျပ်၊ HSD (50 ppm) တစ်လီတာလျှင် ၂၂၂၅၊ HSD(10ppm) တစ်လီတာလျှင် ၂၂၂၅ ကျပ်အထိ ဈေးနှုန်းလျှော့ချကာ ရောင်းချစေခဲ့ခြင်းဖြစ်သည်။
ထို့အတူ မန္တလေးမြို့တွင်လည်း 92Ron တစ်လီတာလျှင် ၁၈၈၀ကျပ်၊ 95Ron တစ်လီတာလျှင် ၂၀၀၀ကျပ်၊ HSD( 500 ppm) တစ်လီတာလျှင် ၂၂၄၀၊ HSD(50 ppm)တစ်လီတာလျှင်၂၂၇၀ကျပ်၊ HSD( 10 ppm) တစ်လီတာလျှင်၂၂၇၀ ကျပ် သတ်မှတ်ကာရောင်းချစေခဲ့ပြီး ရခိုင်အပါအဝင် အခြားတိုင်းနှင့်ပြည်နယ်အသီးသီးတွင် မြင့်တက်နေသည့်ဈေးနှုန်းထက် ငွေကျပ် ၂၀၀ခန့်အထိ လျှော့ရောင်းချစေခဲ့သည်။
မိမိတို့အနေဖြင့် စက်သုံးဆီဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျှက်ရှိပြီး ထိုဈေးနှုန်းဖြင့်ရောင်းချခြင်းမရှိပါက ပြည်သူများအနေဖြင့် မိမိတို့ထံသို့ ဆက်သွယ်ကာ သတင်းပေးတိုင်ကြားနိုင်ပြီး မိမိတို့ဘက်မှ တည်ဆဲဥပဒေများဖြင့် အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူက ဆိုသည်။
“ကျွန်တော်တို့က တစ်နေ့ချင်းဈေးနှုန်းကို ထုတ်ပြန်ပေးနေပါတယ်။ ဒီဈေးနှုန်းထားအတိုင်းပဲ ရောင်းကြရမှာပါ။ တကယ်လို့ အဲဒီလိုရောင်းချတာတွေမရှိရင် အဲဒီဆီဆိုင်ကို ရေနံနဲ့ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေတို့ အခြားတည်ဆဲဥပဒေတို့နဲ့ အရေးယူသွားမှာပါ ”ဟု အဆိုပါတာဝန်ရှိသူက ပြောဆိုထားသည်။
နေ့စဉ်ထုတ်ပြန်လျှက်ရှိသော ဈေးနှုန်းအတိုင်းရောင်းချခြင်းမရှိပါက ဖုန်းနံပတ် ၀၆၇- ၄၀၉၈၈၁၊ ၀၆၇- ၄၁၁၁၂၉၊ ၀၉- ၆၉၉၆၁၁၁၁၆ နှင့် ၀၉- ၄၄၀၄၃၃၅၃၃ တို့ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။
လက်ရှိတွင် စက်သုံးဆီဈေးနှုန်းများမှာကျဆင်းလာနေပြီး ထိုသို့ ဈေးကျသည့်အတွက် ရခိုင်မှ ကုန်သည်များအနေဖြင့်လည်း အရှုံးပေါ်မှုများရှိကြောင်း ရခိုင်ပြည်နယ် စက်သုံးဆီ လုပ်ငန်းရှင်များအသင်း(ယာယီ) ဥက္ကဋ္ဌဖြစ်သူ ဦးသန်းလှိုင်ကပြောသည်။
“ဟိုနေ့ကမှာထားတဲ့ဆီတွေတောင် ဒီကိုမရောက်သေးဘူး။ ဒီနေ့က ကျဈေးနဲ့ရောင်းရင် တစ်ရာကျော်ကျော်လောက်ကွာသွားတော့ အရှုံးပေါ်တာပေါ့။ ဒါပေမယ့် ကုန်သည်တွေကတော့ အရှုံးနဲ့ရောင်းကြရမှာပါပဲ ” ဟု ၎င်းကဆိုသည်။
ယခုကဲ့သို့ စက်သုံးဆီဈေးနှုန်းများကျဆင်းလာရခြင်းမှာ ကမ္ဘာ့ရေနံဈေးကွက်တွင် ရေနံဈေးလျော့ကျသည့်အတွက်ဖြစ်ပြီး စင်ကာပူဈေးကွက်တွင်လည်း စက်သုံးဆီဈေးများ ကျဆင်းလျှက်ရှိကြောင်း ဦးသန်းလှိုင်ကပြောသည်။
ထိုသို့ စက်သုံးဆီဈေးနှုန်းများ ကျလာသည့်အတွက် စက်သုံးဆီကိုအားထားကာ ကယ်ရီပြေးဆွဲနေသူများအတွက် ဝမ်းသာစရာသတင်းတစ်ခုဖြစ်ကြောင်း သုံးဘီးဆိုင်ကယ် ကယ်ရီဆွဲသူတစ်ဦးဖြစ်သူ ကိုသားယေက ဆိုသည်။
“ဆီဈေးတွေက နည်းနည်းလောက်သက်သာရင်လည်း မဆိုးဘူးပေါ့ဗျာ။ တစ်ရာနှစ်ရာဆိုရင်လည်း ကျွန်တော်တို့အတွက်က မနည်းဘူးလေ။ ဒါပေမယ့် ဆီဝယ်ရင် တန်းစီနေရတာတစ်ခုကတော့ အဆင်မပြေဘူး ” ဟု ၎င်းက ပြောသည်။
စစ်တွေမြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် မကြာခဏဆိုသကဲ့သို့ ဆီပြတ်လပ်မှုများဖြစ်ပေါ်လေ့ရှိပြီး အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေကြရသည်။