AA ကို စစ်ကောင်စီနှင့် အာဆာ ပူးပေါင်းတိုက်ခိုက်မှု ဗိုလ်မှူးတစ်ဦး ဝန်ခံ 

ရသေ့တောင်မြို့ကျရှုံးပြီးနောက် ဘူးသီးတောင်တွင် AA ထိုးစစ်ကိုခုခံရန် စစ်ကောင်စီသည် ARSA အဖွဲ့ကို ချဉ်းကပ်ခဲ့ကြောင်း ဗိုလ်မှူးလှိုင်ဝင်းထွန်းက နိုင်ငံခြားသတင်းဌာန THE DIPLOMAT နှင့် အင်တာဗျူးတွင် ဝန်ခံလိုက်သည်။

By Admin 23 Aug 2024

AA ကို စစ်ကောင်စီနှင့် အာဆာ ပူးပေါင်းတိုက်ခိုက်မှု ဗိုလ်မှူးတစ်ဦး ဝန်ခံ 

DMG ၊ ဩဂုတ် ၂၃

ရခိုင်ဒေသ ဘူးသီးတောင်၊ မောင်တောတိုက်ပွဲများတွင် စစ်ကောင်စီနှင့် အာဆာအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်နေမှုကို စစ်ကောင်စီအရာရှိ ဗိုလ်မှူးလှိုင်ဝင်းထွန်းက နိုင်ငံခြားသတင်းဌာန THE DIPLOMAT နှင့် အင်တာဗျူးတွင် ဝန်ခံလိုက်သည်။

ဗိုလ်မှူး လှိုင်ဝင်းထွန်းသည် ဘူးသီးတောင်အခြေစိုက် တပ်ရင်းမှူးတစ်ဦးဖြစ်ပြီး အာရက္ခတပ်တော်(AA) ထံ လက်နက်ချ အညံ့ခံထားသူလည်း ဖြစ်သည်။ ရသေ့တောင်မြို့ကျရှုံးပြီးနောက် ဘူးသီးတောင်တွင် AA ထိုးစစ်ကို ခုခံရန်အတွက် စစ်ကောင်စီသည် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) ကို ချဉ်းကပ်ခဲ့ကြောင်း ဆိုသည်။

“ဘူးသီးတောင်မြို့နယ်မှာ မွတ်ဆလင် ၇၅၀ ကို စစ်ကောင်စီက သင်တန်းပေးထားတာ ရှိတယ်။ အဲဒီ မွတ်ဆလင်တွေကို သင်တန်းပေးပြီးတော့မှ အာဆာအဖွဲ့ပါ ပူးပေါင်းပြီး သင်တန်းပေးတာတွေ၊ စစ်ရေးအရ လှုပ်ရှားတာတွေ ဆောင်ရွက်ခဲ့တယ်။ ပြီးတော့မှ ဒီလူတွေကို ဘူးသီးတောင်ပတ်ချာလည် နေရာတွေမှာ အင်အားတွေ လိုက်ဖြည့်ပြီးတော့မှ စစ်ရေးအရ တိုက်ပွဲဝင်မယ်ဆိုပြီးတော့မှ တိုက်ပွဲအတွင်းကို စေခိုင်းတာ” ဟု ဗိုလ်မှူး လှိုင်ဝင်းထွန်းက ပြောသည်။ 

ယင်းအပြင် ဘူးသီးတောင်မြို့ရှိ လူနေအိမ်များကို မီးရှို့ရန် စစ်ကောင်စီအရာရှိ တင်မိုးအောင်နှင့် စရဖ ဗိုလ်ကြီး ခိုင်မင်းဇော်က စစ်ကောင်စီနှင့်အပေါင်းပါ မွတ်ဆလင်လက်နက်ကိုင်များအား စေခိုင်းခဲ့ကြောင်း သူက ပြောသည်။ 

ရခိုင်နှင့် မွတ်ဆလင်နေအိမ်အချို့ ပူးကပ်နေသည့်အတွက် ရခိုင်နေအိမ်ကို မီးရှို့လျှင် မွတ်ဆလင်နေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းမည်ကို စိုးရိမ်၍ ဖြိုချဖျက်ဆီးခဲ့သည့် နေအိမ်များလည်းရှိသည်ဟု ပြောသည်။ 

“စစ်ကောင်စီက သင်တန်းပေးထားတဲ့ မွတ်ဆလင်တွေ၊ အာဆာတွေနဲ့ အဓိက ဘူးသီးတောင်မြို့တွင်းမှာ ရခိုင်နေအိမ်တွေကို မီးရှို့ဖို့ စတင်ဆောင်ရွက်တယ်။ အစီအမံတွေ စလုပ်တယ်။ အဲဒီအစီအမံတွေပေါ် မူတည်ပြီး ဘူးသီးတောင်မြို့ပေါ်မှာ လုံခြုံရေးတာဝန်ကျနေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ သင်တန်းပေးထားတဲ့ တပ်သားတွေနဲ့  ပေါင်းပြီးတော့မှ ရခိုင်လူမျိုးတွေ နေအိမ်တွေကို မီးရှို့စေခိုင်းခဲ့တယ်” ဟု ၎င်းက ဆက်ပြောသည်။ 

ဘူးသီးတောင်မြို့ရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးသည့်ဖြစ်စဉ်အတွင်း သင်တန်းပေးထားသည့် မွတ်ဆလင် လက်နက်ကိုင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်များမှ ပစ္စည်းများအား ယူဆောင်ခဲ့ကြသည်ဟုလည်း သူက ဆက်ပြောသည်။ 

ရခိုင်ဒေသခံ လူငယ်တစ်ဦးက “ဘူးသီးတောင်၊ မောင်တောတိုက်ပွဲတွေဟာ တော်တော်ရှပ်ထွေးတယ်။ မြေပြင်မှာ စစ်ကောင်စီနဲ့ မွတ်ဆလင်တွေရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေကို ထိန်ချန်ဖို့ ပြည်ပနေမွတ်ဆလင်တွေက AA လုပ်တာပါလို့ စွပ်စွဲတာ အကြိမ်ကြိမ်တွေ့တယ်။ အခု စစ်ကောင်စီတပ်သား ရှင်းပြတော့မှ မြေပြင်သတင်းမှန်ကို သိရတာဖြစ်တယ်” ဟု ပြောသည်။ 

သို့သော်လည်း ပြည်ပနေ မွတ်ဆလင်အရေးလှုပ်ရှားသူများ၊ လူ့အခွင့်အရေးသမားများနှင့် ကုလအပါဝင် နိုင်ငံတကာအဖွဲ့များက ဘူးသီးတောင်မြို့မီးရှို့ခံရမှုကိစ္စကို AA လက်ချက်ဟု ဝါဒဖြန့် စွပ်စွဲခဲ့ကြသည်။ 

“နိုင်ငံတကာကလည်း မွတ်ဆလင်အရေးဆိုရင် သတင်းမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဝိုင်းပြီးတော့ AA ကို ဖိအားပေးခဲ့တာရှိတယ်။ တကယ့်မြေပြင်မှာ အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီနဲ့ အပေါင်းပါ မွတ်ဆလင် အကြမ်းဖက်အုပ်စုတွေကို ဖိအားပေးတာ၊ ဟန့်တားတာတွေ မလုပ်ခဲ့ဘူး။ အခုလည်း မောင်တောတိုက်ပွဲကြာနေတာ ဒီအကြောင်းလည်း ပါဝင်နိုင်တယ်” အဆိုပါ ရခိုင်လူငယ်က ပြောသည်။

လက်ရှိတွင်လည်း စစ်ကောင်စီသည် ARSA၊ ARA၊ RSO မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များနှင့် စစ်သင်တန်းပေးထားသည့် မွတ်ဆလင်များအား မောင်တောတိုပွဲတွင် အသုံးပြုတိုက်ခိုက်နေပြီး AA ကလည်း မောင်တောမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်နေသည်။