- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်က မြစ်ချောင်းများအတွင်း ငါး၊ပုစွန်သားပေါက်ကောင်ရေ ၁၂ သန်းကျော်ကို ထည့်သွင်းခဲ့ဟုဆို
ရခိုင်ပြည်နယ်အတွင်းရှိ မြစ်ချောင်းများအတွင်း ငါးပုစွန်အထွက်နှုန်း ပိုမိုကောင်းလာစေရန် ၂၀၂၁-၂၂ ခုဘဏ္ဍာနှစ်တွင် ငါးပုစွန် သားပေါက်ကောင်ရေ ၁၂ သန်းကျော်ကိုထည့်သွင်းထားကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
03 Jan 2022
DMG ၊ ဇန်နဝါရီ ၃
ရခိုင်ပြည်နယ်အတွင်းရှိ မြစ်ချောင်းများအတွင်း ငါးပုစွန်အထွက်နှုန်း ပိုမိုကောင်းလာစေရန် ၂၀၂၁-၂၂ ခုဘဏ္ဍာနှစ်တွင် ငါးပုစွန် သားပေါက်ကောင်ရေ ၁၂ သန်းကျော်ကိုထည့်သွင်းထားကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ယခင်ဘဏ္ဍာနှစ်များက ငါးပုစွန်သားပေါက်များကို မြစ်ချောင်းများအတွင်းထည့်ခဲ့ရာ တစ်လက်မအရွယ်ဆိုဒ်ရှိ သားပေါက်များကိုသာ ထည့်သွင်းခဲ့သော်လည်း ပြီးခဲ့သည့်ဘဏ္ဍာနှစ်က နှစ်လက်မအရွယ်ရှိ ငါး၊ပုစွန်သားပေါက်များကို ထည့်သွင်းခဲ့သည်။
၂၀၂၁-၂၂ ခုဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ်ရှိ မြစ်ချောင်းများအတွင်း ရေငံပုစွန်သားပေါက် ၁၀ ဒဿမ ၈ သိန်းနှင့် ငါးသားပေါက်အကောင်ရေ ၂ ဒဿမ ၁ သိန်း၊ စုစုပေါင်း ငါး/ပုစွန်သားပေါက် အကောင်ရေ ၁၂ ဒဿမ ၉ သိန်းကို စိုက်ထည့်ထားပြီဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့က ကျောက်ဖြူမြို့နယ်တွင် ရေငံပုဇွန်ငါးသားပေါက်အကောင်ရေ ၅ သိန်း၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က ဘူးသီးတောင်မြို့နယ် မေယုမြစ်ထဲသို့ ငါးသားပေါက်အကောင်ရေ ၂ ဒဿမ ၁ သိန်းနှင့် ဇန်နဝါရီလ ၃ ရက်နေ့က ရေချမ်းပြင်ဆိပ်ကမ်းတွင် ရေငံပုဇွန်သားပေါက် အကောင်ရေ ၅ ဒဿမ ၈ သိန်းကို စိုက်ထည့်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဦးကဆိုသည်။
“ငါးမျိုးစိတ်တွေ စိုက်ထည့်လိုက်ခြင်းအားဖြင့် ဒေသတွင်း ငါးမျိုးပြုန်းတီးမှုကို ကာကွယ်ဖို့၊ ငါးသယံဇာတတိုးပွားလာစေဖို့ ဒေသခံတွေရဲ့ လူမှုစီးပွားတိုးတက်လာစေဖို့အတွက်ရည်ရွယ်ပြီး ကျွန်တော်တို့ဌာနက နှစ်စဉ်မျိုးစိုက်တာတွေလုပ်နေတာပါ” ဟု ၎င်းကရှင်းပြသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က လာရောက်သုတေသနပြုလုပ်ခဲ့သည့် Dr.Fridtjof Nansen ၏ သုတေသနဌာနစစ်တမ်းအရ မြန်မာနိုင်ငံတွင် ရေပေါ်၊ရေအောက်ငါးသယံဇာတများမှာ တဖြည်းဖြည်းလျှော့နည်းလာနေပြီဟုသိရသည့်အတွက် ငါးမဖမ်းရရာသီများသတ်မှတ်ခြင်း၊ ဥပဒေပြုခြင်းများကို ဆောင်ရွက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးလေ့လာချက်များအရ လက်ရှိအခြေအနေတွင် ရခိုင်ကမ်းရိုးတန်းဒေသ၏ ငါးသယံဇာတတည်ရှိမှုမှာ အခြားကမ်းရိုးတန်းဒေသများ၏ ငါးသယံဇာတတည်ရှိမှုထက် ၄၀ ရာခိုင်နှုန်းခန့်လျော့နည်းနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
“ပြီးခဲ့တဲ့ ၂၀၁၂၊ ၂၀၁၅၊ ၂၀၁၈ ခုနှစ်တွေမှာလေ့လာခဲ့တဲ့ လေ့လာချက်တွေအရ အခြားကမ်းရိုးတန်းဒေသတွေမှာ ရေပေါ်ရေအောက်ငါးပိဿာချိန် ၁၀ ရတယ်ဆိုရင် ရခိုင်မှာက ၆ ပိဿာလောက်ပဲရတော့တယ်။ အခြားကမ်းရိုးတန်းတွေနဲ့ယှဉ်ရင် ရခိုင်ကမ်းရိုးတန်းက ငါးသယံဇာတတည်ရှိမှု အနိမ့်ဆုံးအခြေအနေကိုရောက်နေပြီ”ဟု ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းသိန်းက DMG သို့ပြောဆိုထားသည်။
ရခိုင်ကမ်းရိုးတန်းရှိ ငါးသယံဇာတများလျှော့နည်းလာရခြင်းမှာ စနစ်မကျသည့် ငါးဖမ်းလုပ်ငန်းများအပြင် ပြီးခဲ့သည့် ၁၉၉၀ ခုနှစ်က ရခိုင်ဒေသတွင် ဒီရေတောများခုတ်ထွင်ကာ ပုဇွန်ကန်များ အလွန်အကျွံပြုလုပ်ခြင်း၊ ဆားထုတ်လုပ်ခြင်းတို့ကြောင့် ငါးသားပေါက်သည့်နေရာများပျက်စီးကာ ယခုကဲ့သို့ ငါးသယံဇာတရှားပါးလာရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ငါးပုစွန်ရှားပါးလာမှုနှင့်အတူ ရခိုင်ပြည်နယ်ရှိ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများမှာလည်း ငါးဖမ်းဆီးရမိမှုမှာ တဖြည်းဖြည်းလျှော့ကျလာကြောင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။