- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မင်းပြားတွင် ဆိုင်ကယ်ဖြင့်သွားသည့် ဒေသခံနှစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ
မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးတွင် ယနေ့(စက်တင်ဘာလ ၁၀ ရက်)၊ နံနက်ပိုင်းက ဆိုင်ကယ်ဖြင့်သွားလာနေသည့် ဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။
10 Sep 2022
DMG ၊ စက်တင်ဘာ ၁၀
မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးတွင် ယနေ့(စက်တင်ဘာလ ၁၀ ရက်)၊ နံနက်ပိုင်းက ဆိုင်ကယ်ဖြင့်သွားလာနေသည့် ဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။
ကျည်ဆံထိမှန်သွားသူမှာ င/စရိုင်းချောင်းအုပ်စု၊ မြစ်နားရွာမှ အသက် ၃၀ အရွယ် ကိုအောင်ချမ်းသာဆိုသူဖြစ်သည်။ ၎င်းသည် အခြားတစ်ဦးနှင့်အတူ ရာမောင်တံတားဘက်သို့ သွားရောက်စဉ် မြန်မာစစ်တပ်၏ စစ်ဆေးရေးဂိတ်မှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။
အတူပါလာသူမှာသည့် ၎င်းနှင့်အတူ ဖမ်းဆီးခံလိုက်ရကြောင်း အနီးအနားရှိ အမည်မဖော်လိုသူတစ်ဦးကပြောသည်။
“သူက တခြားယောကျာ်းတယောက်နဲ့အတူ ဆိုင်ကယ်နဲ့သွားနေတုန်းမှာ ဖားပြိုရွာနားက စစ်တပ်ဂိတ်က စစ်ဆေးဖို့ရပ်ခိုင်းတယ်။ ဆိုင်ကယ်ကလည်း အရှိန်တန့်မရတော့ မရပ်ဘဲသွားသလိုဖြစ်သွားတယ်။ သူတို့ ပြန်လှည့်လာတဲ့အချိန်မှာ သေနတ်နဲ့ပစ်လိုက်တာ။ နှစ်ယောက်မှာ တယောက်က ပေါင်ကိုထိသွားတယ်လိုသိရတယ်။ ကျန်တစ်ယောက်ကတော့ ဘာဒဏ်ရာမှမရဘူး"ဟု ၎င်းကဆိုသည်။
ထိုသို့ပစ်ခတ်ပြီးနောက် အဆိုပါနှစ်ဦးကို မြန်မာစစ်တပ် တပ်စွဲနေထိုင်သည့် တောင်ကုန်းပေါ်သို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။
"တစ်ယောက်ကတော့ ကျွန်မတို့ရွာကပါ။ နောက်ကတစ်ယောက်ကတော့ ဘယ်သူဆိုတာမသိဘူး။ ပြသာနာဖြစ်ပြီးနောက်ပိုင်း သူတို့ကို ဖားပြိုနားကတောင်ကုန်းတွေဆီကို တင်သွားတယ်။ ဆိုင်ကယ်ကတော့ ကျန်ခဲ့တယ်။ အခုထိတော့ ဘာမှထပ်မကြားရသေးဘူး"ဟု မြစ်နားကျေးရွာမှ အမျိုးသမီးတစ်ဦးကဆိုသည်။
ရာမောင်တံတားအနီးပတ်ဝန်းကျင်တွင် ယမန်နေ့မှစတင်ကာ မြန်မာစစ်တပ်က ခရီးသွားလာနေသူများ၏ ဆိုင်ကယ်များ၊ ကားများကို စစ်ဆေးမှုများပြုလုပ်နေသောကြောင့် ဒေသခံများမှာလည်း စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။
မင်းပြားမြိုနယ်၊ ဖားပြိုကျေးရွာဖက်တွင် ပြီးခဲ့သည့် ၂၀၁၈-၂၀၂၀ တိုက်ပွဲကာလအတွင်းက မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ရာမောင်တံတားအနီးရှိ တောင်ကုန်းပေါ်များတွင် မြန်မာစစ်တပ်က အခြေပြုနေထိုင်လျှက်ရှိသည်။