- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရသေ့တောင်မြို့နယ်က အထက်တန်းကျောင်း တစ်ကျောင်းတွင် ဖောက်ထွင်းမှုဖြစ်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရန်အောင်ပြင်ကျေးရွာက အ.ထ.ကစာသင်ကျောင်းတွင် ပညာရေးဝန်ထမ်းအချို့နေသည့် အဆောင်တစ်ခု ဖောက်ထွင်းခံလိုက်ရကြောင်း သတင်းရရှိသည်။
01 Oct 2021
DMG ၊ အောက်တိုဘာ ၁
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရန်အောင်ပြင်ကျေးရွာက အ.ထ.ကစာသင်ကျောင်းတွင် ပညာရေးဝန်ထမ်းအချို့နေသည့် အဆောင်တစ်ခု ဖောက်ထွင်းခံလိုက်ရကြောင်း သတင်းရရှိသည်။
ထိုသို့ဖောက်ထွင်းခံရမှုကြောင့် အဆောင်အတွင်းမှ ကျောင်းဆရာမအချို့၏ စားသောက်ဖွယ်ရာများပါသွားကြောင်း အဆိုပါကျောင်းမှ ဆရာမ ဒေါ်ခိုင်လှိုင်အေးက DMG သို့ ပြောသည်။
“ကျွန်မတို့နေတဲ့အဆောင်က ပြတင်းပေါက်ကနေပြီးဝင်တာ။ ဘယ်သူဘယ်ဝါမှန်းတော့မသိဘူးပေါ့။ အခန်းက ကျွန်မတို့အခန်းနဲ့ တခြားဆရာမတစ်ယောက်နေတဲ့အခန်း ဖောက်ထွင်းခံရတာပါ။ ကိုဗစ်နဲ့ ကျောင်းတွေပိတ်ထားတာမို့ ပစ္စည်းတွေ အိမ်ကိုပြောင်းထားတယ်။ အဲဒါကြောင့် အဖိုးတန်ပစ္စည်းတွေ ပါမသွားပါဘူး။ ကျောင်းမှာထားခဲ့တဲ့ စားသောက်ကုန်တွေတော့ပါသွားပါတယ်”ဟု ပြောသည်။
ကိုဗစ်ကူးစက်ပြန့်ပွားမှုကြောင့် အခြေခံပညာကျောင်းများကို ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၉ ရက်နေ့မှစတင်ပြီး ယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ပိတ်ထားသည့်အတွက် ပညာရေးဝန်ထမ်းများမှာ မိမိတို့၏ နေရပ်အသီးသီး၌ရောက်ရှိနေကြပြီး စက်တင်ဘာလအတွက်ရရှိမည့်လစာအား ကျောင်းသို့သွားရောက်ထုတ်ယူစဉ် ယင်းကဲ့သို့ ဖောက်ထွင်းခံရမှုကိုသိရှိရခြင်းဖြစ်ကြောင်း ဆရာမ ဒေါ်ခိုင်လှိုင်အေးက ပြောသည်။
စာသင်ကျောင်းဖောက်ထွင်းခံရမှုကြောင့် ကျောင်းလုံခြုံရေးအတွက် လုံခြုံရေးဝန်ထမ်း အမြန်ဆုံးငှားရန်စီစဉ်နေကြောင်း ယင်းကျောင်းမှ အမည်မဖော်လိုသည့် ကျောင်းဆရာတစ်ဦးက DMG သို့ ပြောသည်။
“ပစ္စည်းတွေလည်း သိပ်ကြီးကြီးမားမားပါမသွားဘူး။ ကျွန်တော်တို့မှာက လုံခြုံရေးဝန်ထမ်းရှိပါတယ်။ သူက အခု ရာထူးတိုးပါသွားတော့ လောလောဆယ် လုံခြုံနေရေးဝန်ထမ်းမရှိတဲ့အတောအတွင်းမှာဖြစ်တာပေါ့။ အဲဒါကြောင့် ညစောင့်လုံခြုံရေးဝန်ထမ်း အစားသွင်းဖို့စီစဉ်နေပါတယ်”ဟု ပြောသည်။
အဆိုပါကျောင်းတွင် ထိုသို့သူခိုးဝင်ရောက်သည်မှာ ယခုတစ်ကြိမ်ဆိုက ၃ ကြိမ်တိုင်ရှိပြီဖြစ်ကြောင်း ယင်းကျောင်းမှ ပညာရေးဝန်ထမ်းအချို့၏ ပြောပြချက်အရသိရသည်။