- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စားနပ်ရိက္ခာထောက်ပံ့မှုများကို ကန့်သတ်ခြင်းများမလုပ်ရန် စစ်ဘေးဒုက္ခသည်များတောင်းဆို
စစ်ဘေးဒုက္ခသည်များကို လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရန် ဆောင်ရွက်နေကြသည့် ပြည်တွင်းအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို စစ်ကောင်စီအနေဖြင့် ပိတ်ပင်ကန့်သတ်ခြင်းများမပြုလုပ်ဘဲ လွတ်လပ်စွာကူညီခွင့်ပြုပေးရန် ရခိုင်ရှိ စစ်ဘေးဒုက္ခသည်များက တောင်းဆိုကြသည်။
26 Aug 2022
DMG ၊ သြဂုတ် ၂၆
စစ်ဘေးဒုက္ခသည်များကို လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရန် ဆောင်ရွက်နေကြသည့် ပြည်တွင်းအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို စစ်ကောင်စီအနေဖြင့် ပိတ်ပင်ကန့်သတ်ခြင်းများမပြုလုပ်ဘဲ လွတ်လပ်စွာကူညီခွင့်ပြုပေးရန် ရခိုင်ရှိ စစ်ဘေးဒုက္ခသည်များက တောင်းဆိုကြသည်။
လက်ရှိတွင် စစ်ဘေးဒုက္ခသည်များမှာ အကူအညီရရှိမှု လျော့နည်းလာခြင်း၊ အလုပ်အကိုင်မရှိခြင်းအပါအဝင် အဆမတန်မြင့်တက်လာသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းများကြောင့် များစွာအခက်အခဲကြုံနေရချိန်တွင် အကူအညီပေးမည့် အဖွဲ့အစည်းများကို လွတ်လပ်စွာကူညီခွင့်ပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။
စစ်ကောင်စီအနေဖြင့် စစ်ဘေးဒုက္ခသည်များကို စားနပ်ရိက္ခာများ ပုံမှန်ထောက်ပံ့နိုင်ခြင်းမရှိသဖြင့် နိုင်ငံတကာအဖွဲ့များနှင့် ပြည်တွင်းလူမှုကူညီရေးအဖွဲ့များကို လွတ်လပ်စွာကူညီခွင့်ပေးရန် တောင်းဆိုကြောင်း စစ်တွေမြို့ ဗုဒ္ဓေါမော်စစ်ဘေးဒုက္ခသည်ကယ်ဆယ်ရေးစခန်းမှ ဦးမောင်အေးကျော်ကပြောသည်။
“အဓိကလိုအပ်ချက်က ဆန်ဖြစ်တယ်။ ဆန်မရတဲ့အတွက် သိပ်ကို အခက်အခဲဖြစ်တယ်။ ဆန်ရှိတယ်ဆိုရင် ကျနော်တို့မှာ ဆားနဲ့ပဲစားစား၊ အပြင်က ဟင်းတွေရှာစားစား အဆင်ပြေတယ်။အိုးမှာချက်စရာဆန်မရှိရင် သိပ်အခက်အခဲကြုံရတယ်။ ဒီဆန်တွေကို အစိုးရ(စစ်ကောင်စီ)က မပေးသည့်တိုင်အောင် နိုင်ငံတကာက ထောက်ပံ့ကူညီတဲ့အဖွဲ့အစည်းတွေကို ခွင့်ပြုပေးပါ။အတက်နိုင်ဆုံး ဒီဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်”ဟု သူကဆိုသည်။
လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆန်ရိက္ခာထောက်ပံ့မှုများ မရရှိသည်မှာ သုံးလအထိရှိလာပြီဖြစ်ပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ တစ်လလျှင် လူတစ်ဦးကို(၁၇၀၀၀)ကျပ်စီ ထောက်ပံ့မှုတစ်ခုတည်းဖြင့် စားဝတ်နေရေးကိုဖြေရှင်းနေရသည့်အတွက် စားနပ်ရိက္ခာများလိုအပ်နေကြောင်း စစ်ဘေးဒုက္ခသည်များက ဆိုကြသည်။
ရခိုင်ပြည်အတွင်းရှိ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ အမ်း၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်၊ ရသေ့တောင်နှင့် ပေါက်တောတို့မှ စစ်ဘေးဒုက္ခသည်များအတွက် ဆန်အိတ် (၅၅၀၀၀) ကျော်ကို ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ လှူဒါန်းထားသော်လည်း စစ်ကောင်စီမှတားမြစ်ထားသဖြင့် မြို့နယ်တချို့တွင် ယခုအချိန်ထိ ဖြန့်ဝေနိုင်ခြင်းမရှိသေးပေ။
ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေမှုကြောင့် စစ်ဘေးဒုက္ခသည်များမှာ ပို၍အခက်ကြုံနေရချိန်တွင် စစ်ကောင်စီမှ ကူညီထောက်ပံ့မှုများကို တားမြစ်ကန့်သတ်ခြင်းများလုပ်ဆောင်နေခြင်းမှာ စစ်ဘေးဒုက္ခသည်များကို များစွာအခက်အခဲကြုံစေသည်ဟု ကျောက်တော်မြို့ မီးရထားဘူတာစစ်ဘေးရှောင်စခန်းမှ ဦးစောသိန်းက ပြောသည်။
“အခုကုန်ဈေးနှုန်းတက်တာတွေနဲ့ ပိုပြီးအခက်အခဲဖြစ်တယ်။ နောက်ကျန်းမာရေးတွေ ကျောင်းတက်နေတဲ့ သားသမီးတွေရဲ့ ပညာရေးအတွက် သိပ်အခက်အခဲဖြစ်တယ်။ ဒါကြောင့် ပရဟိတအဖွဲ့တွေက ကူညီထောက်ပံ့မှုပေးတာတွေကို ပိတ်ပင်မယ့်အစား အစိုးရ(စစ်ကောင်စီ)အနေနဲ့ နင်တဲ့ဘက်က လူသားချင်းကိုယ်ချင်းစာနာပြီး ထောက်ပံ့စေချင်တယ်”ဟု သူကဆိုသည်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်များအတွက် အရေးပေါ်ကူညီထောက်ပံ့ရန် အလှူငွေများကောက်ခံနေသည့် စစ်တွေအခြေစိုက် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းပရဟိတအဖွဲ့ကို ယခုနှစ်သြဂုတ်လ ၂၀ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များကတားမြစ်ပြီး နောက်ထပ်ခွင့်ပြုချက်မရှိဘဲ အလှူငွေမကောက်ခံရန် ခံဝန်လက်မှတ်ထိုးခိုင်းခဲ့သည်။
ရခိုင်တွင် စစ်ကောင်စီမှ ကုန်လမ်း၊ရေလမ်းအပါအဝင် ခရီးသွားလာရေးကိစ္စရပ်များကို တင်းကျပ်စွာကန့်သတ်ပိတ်ဆို့နေသည့်အတွက် လူမှုကူညီရေးအဖွဲ့များအတွက် စိန်ခေါ်မှုများလာနိုင်သော်လည်း ကူညီထောက်ပံ့ရေးလုပ်ငန်းများကို အတက်နိုင်ဆုံးကြိုးစားပြီး လုပ်ဆောင်ရမည်ဖြစ်ကြောင်း သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့မှ ဥက္ကဋ္ဌ ကိုအမ်းသားကြီးကပြောသည်။
''စစ်တပ်ဖက်က လမ်းတွေကိုပိတ်ဆို့ထားတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေဆီကို စားနပ်ရိက္ခာတွေရောက်ဖို့က ပိုပြီးကြန့်ကြာနိုင်တာတွေ ဖြစ်ပေါ်နိုင်တယ်။ ဆိုတော့ အလှူရှင်တွေနဲ့ ပရဟိတသမားတွေအတွက် ပိုပြီးစိန်ခေါ်မှုတွေ များလာနိုင်တယ်။ သူတို့(စစ်ကောင်စီ)ကတော့ မရရတဲ့နည်းနဲ့ ပိတ်ဆို့ထားမှာပဲ။ ကျနော်တို့ကလည်းပဲ မရရတဲ့နည်းနဲ့ ထိုးဖောက်ကြရမှာဖြစ်တယ်''ဟု သူကပြောသည်။
ယခုနှစ် သြဂုတ်လအတွင်းမှစတင်ကာ ပြင်းထန်စွာဖြစ်ပွားလာသည့် ရက္ခိုင့်တပ်တော်(AA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများကြောင့် ရသေ့တောင်၊ မောင်တော၊ ပလက်ဝမြို့နယ်များတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်များ တိုးလာနေသည်။
လတ်တလောတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့်အထဲတွင် ကိုယ်ဝန်ဆောင်များ၊ မွေးကင်းစနှင့် ကလေးငယ်များ၊ အမျိုးသမီးများပါဝင်ပြီး စစ်ဘေးရှောင်အိမ်ထောင်စု (၄၅၇)စု၊ ကျား(၇၄၄)ဦး၊ မ(၈၇၈)ဦး၊ စုစုပေါင်း(၁၆၂၂)ဦးရှိကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှ သြဂုတ်လ ၂၃ ရက်နေ့က ထုတ်ပြန်ထားသည်။