လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ရပ်ရွာများကို မီးရှို့ဖျက်ဆီးခြင်းမရှိဟု စစ်ကောင်စီကငြင်းချက်ထုတ်

မြန်မာနိုင်ငံ၏ နေရာဒေသအချို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုင်ခြင်းနှင့် ပြည်သူလူထုနေထိုင်ရာ ရပ်ရွာများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းမပြုလုပ်ရန် သြဂုတ်လ(၁၇)ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Noeleen Heyzer က စစ်ကောင်စီဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ် တောင်းဆိုခဲ့သည်။

20 Aug 2022

သြဂုတ်လ ၉ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် လွိုင်လင်လေးမြို့နယ်၊ ဒေါပါပါးကျေးရွာသားမှ ကျောင်းသားများအပါအဝင် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရစဉ်။ Photo - ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)

DMG ၊ သြဂုတ် ၂၀

မြန်မာနိုင်ငံ၏ နေရာဒေသအချို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုင်ခြင်းနှင့် ပြည်သူလူထုနေထိုင်ရာ ရပ်ရွာများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းမပြုလုပ်ရန် သြဂုတ်လ(၁၇)ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Noeleen Heyzer က စစ်ကောင်စီဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ် တောင်းဆိုခဲ့သည်။

ထိုသို့ ကုလအထူးကိုယ်စားလှယ်၏ ပြောဆိုချက်နှင့်ပတ်သက်၍ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာစစ်တပ်အား လာရောက်တိုက်ခိုက်သည့် သောင်းကျန်းသူများကို ပြန်လည်တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် ရပ်ရွာများကို မီးရှို့သည့်ကိစ္စမှာ လုံးဝမှားယွင်းသည်ဟုတုံ့ပြန်ခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က သြဂုတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်လာသည်။

“ကျနော်တို့ကို လာရောက်တိုက်ခိုက်တဲ့ သောင်းကျန်းသူတွေတည်ရှိရာနေရာကို ပစ်မှတ်ထာပြီး ကျနော်တို့ဘက်က တိုက်ခိုက်တာ ဖြစ်ပါတယ်။ အဲဒီသောင်းကျန်းသူတွေက ကျနော်တို့ကို မတိုက်ခိုက်ရင် ကျနော်တို့က စတင်ပြီးတိုက်ခိုက်မှာမဟုတ်ပါဘူး။ လက်နက်ကိုင်ပြီး ဆန့်ကျင်တိုက်ခိုက်တာကို မည်သည့်နိုင်ငံ ၊ မည်သည့်အစိုးရကမျှ လက်ခံမှာမဟုတ်ပါ။ ပြည်သူလူထုနေထိုင်ရာ နေအိမ်တွေ၊ ရပ်ရွာတွေကိုမီးရှို့တဲ့ကိစ္စဟာ လုံးဝမှားယွင်းတယ်လို့ ကျနော်အနေနဲ့ပြောကြားလိုပါတယ်”ဟု စစ်ကောင်စီ ဥက္ကဋ္ဌက ပြောဆိုခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ယင်းအပြင် မြန်မာစစ်တပ်အနေဖြင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ခြင်းသာဖြစ်ပြီး ပြည်သူလူထု၏ နေအိမ်များကို မိမိတို့စစ်တပ်မှ မီးရှို့ဖျက်ဆီးသည်ဟူသောအချက်ကို လုံးဝငြင်းဆိုခဲ့သည်ဟု ထုတ်ပြန်ထားသည်။

မြန်မာစစ်တပ်အနေဖြင့် အကြောင်းအမျိုးမျိုးပြကာ ရပ်ရွာများကိုမီးရှို့ခြင်း၊ အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းမရှိဟု ငြင်းဆိုနေခြင်းမှာ စစ်တပ်၏ ပြောနေကျစကားများဖြစ်သည်ဟု ရခိုင်မှ ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဖေသန်းက ဆိုသည်။

“သူတို့ဘက်က ဒီလိုပြောင်ငြင်းတာက အခုမှမဟုတ်ဘူး။ တောက်လျှောက်ငြင်းလာဖြစ်တယ်။ သူတို့ဘက်က အမှန်သက်သေပြနိုင်ဖို့ဆိုရင်တော့ လွတ်လပ်တဲ့ နိုင်ငံတကာစုံစမ်းရေးကော်မရှင်တစ်ရပ်ဖွဲ့ပြီး တိုင်းပြည်ထဲကိုဝင်ခွင့်ပေးလိုက်လေ။ လွတ်လပ်တဲ့ကော်မရှင်တစ်ရပ်ဖွ့ဲပြီး အဲဒီမီးတိုက်တဲ့ရွာတွေ၊ လက်နက်ကြီးနဲ့အပစ်ခံရတဲ့ရွာတွေ၊ ပြည်သူတွေကို လူ့အခွင့်အရေးချိုးဖောက်တာတွေကိုစုံစမ်းနိုင်ဖို့အတွက် သူ့ဘက်က ပြောင်ငြင်းနေမယ့်အစား နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့အတွက် နိုင်ငံတကာ လွတ်လပ်တဲ့စုံစမ်းရေးကော်မရှင်တစ်ရပ်ကိုဖွဲ့ပြီး တိုင်းပြည်ထဲဝင်ခွင့်ပေးလိုက်တာ အရှင်းဆုံးရှိမယ်လို့ထင်တယ်”ဟု ၎င်းကပြောသည်။

စစ်ကောင်စီနှင့်တွေ့ဆုံခဲ့သည့် ကုလအထူးကိုယ်စားလှယ်၏ သြဂုတ် (၁၇)ရက်နေ့ထုတ်ပြန်ချက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ပြည်သူများ၏နေအိမ်များနှင့် အခြေခံအဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်းများ ရပ်တန့်ရေးအပါအဝင် အကြမ်းဖက်မှုလျှော့ချရေးများ ချက်ချင်းဆောင်ရွက်ရေး၊ အသက်ကယ်ဆယ်ရေးအထောက်အကူပြု အကူအညီများ အမြန်ဆုံးရောက်ရှိရေး၊ အကူအညီများကို ခွဲခြားမှုမရှိဘဲ လိုအပ်နေသူများထံ အမြန်ဆုံးရောက်ရှိနိုင်ရေးဆောင်ရွက်ပေးရန် စစ်ကောင်စီဥက္ကဋ္ဌကို တိုက်တွန်းခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းအပြင် မြန်မာပြည်သူများ ဒီမိုကရေစီနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အကြောက်တရားကင်းစွာရရှိရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂက ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့သည့် လုပ်ရပ်ဖြစ်သော ဒီမိုကရေစီအရေးလှှုပ်ရှားသူများကို လတ်တလောသေဒဏ်ပေးအပြီး နောက်လာမည့်ကွပ်မျက်မှုအားလုံးကို တရားဝင်ဆိုင်းငံ့ထားရန်တိုက်တွန်းခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

ထိုသို့ ကုလအထူးကိုယ်စားလှယ်၏ သတင်းထုတ်ပြန်ချက်မှာ တစ်ဖက်သတ်ပြောကြားမှုများသာဖြစ်ပြီး နှစ်ဦးနှစ်ဖက် အပြုသဘော ပူးပေါင်းဆောင်ရွက်မှုများအပေါ် အနှောင့်အယှက်အဟန့်အတားဖြစ်စေနိုင်ကြောင်းနှင့် နိုင်ငံတကာအသိုက်အဝန်းက အထင်အမြင်လွဲမှားစေနိုင်ခြင်း၊ အများပြည်သူက နားလည်မှုလွဲမှားစေနိုင်သည်ဟု စစ်ကောင်စီမှ တုံ့ပြန်ထားသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “စစ်ကောင်စီကတော့ ထုံးစံအတိုင်း သူတို့တပ်ကမီးမရှို့ဘူး။ လူမသတ်ဘူး။ အကြမ်းမဖက်ဘူးဆိုတာတွေကို ပြည်တွင်းမှာလိမ်နေသလိုမျိုး နိုင်ငံတကာကိုလည်း ဆက်လိမ်ဖို့ကြိုးစားနေတဲ့ကိစ္စပဲဖြစ်တယ်။ဆိုတော့ မြန်မာပြည်မှာ ပြည်တွင်းစစ်ဖြစ်နေတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုဟာ ပိုတောင်ဆိုးရွားတယ်ဆိုတာကို အထောက်အထားတွေနဲ့ ဖော်ပြမှုတွေ၊ ကိုဂျင်မီတို့ကြိုးပေးခံရတဲ့ အနေအထားကို ထုတ်ဖော်ပြတဲ့အခါကျတော့ နိုင်ငံတကာမှာ စစ်ကောင်စီရဲ့ဖော်ပြချက်တွေဟာ မမှန်ကန်ဘူးဆိုတာကို ဖွင့်ချပြလိုက်သလိုဖြစ်တဲ့အတွက် ဒါကကုလသမဂ္ဂကိုယ်စားလှယ်တစ်ယောက်အနေနဲ့ တရားမျှတစွာပြောဆိုတယ်လို့ပဲ ယူဆပါတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့် ပဋိပက္ခအတွင်း အရပ်သားပြည်သူများကို မရပ်မနားခြိမ်းခြောက်နေသည့် အကြမ်းဖက်မှုများကိုအဆုံးသတ်ရန် ကုလသမဂ္ဂက သြဂုတ်လ ၁၉ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာအထိမ်းအမှတ်နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

ယင်းအပြင် အပြည်ပြည်ဆိုင်ရာဥပဒေအရ ပြည်သူများ ရသင့်ရထိုက်သည့်အကာအကွယ်များနှင့်အညီ အရပ်သားပြည်သူများကို မည်သည့်အခါမှ ပစ်မှတ်ထားတိုက်ခိုက်ခြင်းမပြုရန်နှင့် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေကြသူများကိုပါ ကန့်သတ်နှောင့်ယှက်ခြင်းမရှိဘဲ ဆောင်ရွက်ခွင့်ပေးရန်လည်း ထုတ်ပြန်ထားသည်။