သန်းခေါင်စာရင်းကောက်ယူခြင်းကို အမျိုးသားရေးတာဝန်ဖြင့် ပူးပေါင်းကြရန် ဒုစစ်ခေါင်းဆောင်တိုက်တွန်း

စစ်ကောင်စီသည် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်းကို ယခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း ပြုလုပ်သွားရန် စီစဉ်ထားသည်။  

By Admin 12 Jul 2024

စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း

DMG ၊ ဇူလိုင် ၁၂ 

နိုင်ငံတဝန်းတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၌ ပြုလုပ်မည့် လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းကို “အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ခံယူပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့” စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တိုက်တွန်းလိုက်သည်။ 

ဇူလိုင်လ ၁၁ ရက် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားတွင် အမှာစကားပြောရာ၌ ပြောခဲ့ခြင်းဖြစ်သည်။

သန်းခေါင်စာရင်းကောက်ခြင်း၏ ဆောင်ပုဒ်ဖြစ်သည့် “ပြည်သူအားလုံးပါဝင်လို့၊ သန်းခေါင်စာရင်းကောက်ကြစို့” ဟု တိုက်တွန်းလိုကြောင်း ဒုတိယ စစ်ခေါင်းဆောင်က ပြောသည်။ 

စစ်ကောင်စီသည် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်းကို ယခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း ပြုလုပ်သွားရန် စီစဉ်ထားသည်။  

သန်းခေါင်စာရင်းသည် အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန် အခြေခံလိုအပ်သည့် မဲစာရင်းမှန်ကန်စေရေးကို အထောက်အကူဖြစ်စေမည်ဟု ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။ 

“လူဦးရေနဲ့ လူမှုစီးပွားဆိုင်ရာ အချက်အလက်တွေကို နိုင်ငံတဝန်းရရှိဖို့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူဖို့ လိုအပ်တယ်” ဟု သူက ဆိုသည်။  

စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ရခိုင်၊ ရှမ်း၊ ကရင်၊ ကချင်၊ ကရင်နီ၊ စစ်ကိုင်း စသည့်ဒေသများတွင် တပ်စခန်းများအပါအဝင် မြို့အများအပြားကို လက်လွှတ်ရှုံးနေရသည်။

“စစ်ကောင်စီကတော့ ရွေးကောက်ပွဲအိပ်မက်ကို ဆက်ပြီးမက်နေဆဲဆိုတော့ သန်းခေါင်စာရင်းကိုလည်း မဖြစ်မနေ ကောက်ယူလာနိုင်တယ်။ ဒါပေမဲ့လည် အဲဒါတွေကို သူတို့ထိန်းချုပ်ထားနိုင်သေးတဲ့ နယ်မြေတွေမှာပဲလုပ်နိုင်မှာပါ” ဟု နိုင်ငံရေးသမားတစ်ဦးက ပြောသည်။ 

သန်းခေါင်စာရင်းကောက်ခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရသည့်နေရာတိုင်း၌ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကန့်သတ်ချက်ရှိသည့်နေရာများ၌လည်း ကောက်ယူနိုင်အောင် အတတ်နိုင်ဆုံးဆောင်ရွက်သွားမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။ 

ဗီဒီယိုများ