စစ်တွေတွင် ပညာရေးဝန်ထမ်းများကို  ဆီဖိုးနှင့် ငွေသုံးထောင်ကျပ်ပေးပြီး သန်းခေါင်စာရင်း သင်တန်းပေးနေ

ရခိုင်ပြည်အတွင်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ မာန်အောင်မြို့တို့တွင် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းအတွက် အထူးနည်းပြနှင့် ခရိုင်နည်းပြသင်တန်းကို ပြုလုပ်နေသည်။

By Admin 28 Sep 2024

ကျောက်ဖြူမြို့တွင် ပြုလုပ်ခဲ့သည့် သန်းခေါင်စာရင်းသင်တန်း။ (ဓာတ်ပုံ - MOI)
ကျောက်ဖြူမြို့တွင် ပြုလုပ်ခဲ့သည့် သန်းခေါင်စာရင်းသင်တန်း။ (ဓာတ်ပုံ - MOI)

DMG ၊ စက်တင်ဘာ ၂၈ 

ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက ယခုလလယ်ပိုင်းမှစ၍ ပညာရေးဝန်ထမ်းများကို သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့်ပတ်သက်သည့် သင်တန်းပို့ချပေးနေကြောင်း သိရသည်။

သင်တန်းတက်သူတို့အား တစ်နေ့ကို အသွားအပြန်စရိတ် ဆီဖိုးနှင့် ငွေကျပ် ၃,၀၀၀ ကျပ်စီ ထောက်ပံ့ပေးကြောင်း သတင်းရင်းမြစ်များက DMG ကို ပြောသည်။

“ဒီလလယ်ပိုင်းကစလို့ ရွေးကောက်ပွဲအတွက်ဆိုပြီး သန်းခေါင်စရင်းကောက်ဖို့ သင်တန်းပေးနေတာ။ ရေတပ်ကျောင်းမှာ သင်တန်းပေးနေတာပါ။ ဝန်ထမ်းတစ်ယောက်စီကို တစ်ရက်မှာ အသွားအပြန်ဆီဖိုးနဲ့ ပိုက်ဆံသုံးထောင်စီ ရကြပါတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

စစ်ကောင်စီသည် လာမည့် အောက်တိုဘာ ၁ ရက်နေ့မှ စတင်ပြီး ၁၅ ရက်နေ့အထိ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရန် စီစဉ်ထားသည်။ 

ထို့ကြောင့် ရခိုင်ပြည်အတွင်း ၎င်းတို့ထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ မာန်အောင်မြို့တို့တွင် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းအတွက် အထူးနည်းပြနှင့် ခရိုင်နည်းပြသင်တန်းကို ပြုလုပ်နေသည်။ 

ကျောက်ဖြူမြို့မှာလည်း စက်တင်ဘာ ၃ ရက်နေ့မှစ၍ ၁၀ ရက်တာ  သင်တန်းပေးခဲ့ကြောင်း သိရသည်။ 

ကျောက်ဖြူမြို့မှ ပညာရေးဝန်ထမ်းတစ်ဦးက “ကျောက်ဖြူမှာ သင်တန်း ၁၀ ရက် ပို့ချထားပြီ။ ၁ ရက်နေ့ကနေစလို့ သန်းခေါင်းစာရင်း ကောက်တော့မယ်ဆိုပြီးတော့လည်း ကြေငြာထားပြီ။ ပြီးရင် နောက်ထပ်လည်း သင်တန်းတွေ ပေးသွားမယ်လို့ ပြောထားခဲ့တာလည်း ရှိတယ်” ဟု ပြောသည်။

ဗဟိုအဆင့် နည်းပြသင်တန်း၊ အထူးနည်းပြသင်တန်းနှင့် မြို့နယ် အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်း များကိုလည်း အချိန်နှင့် တပြေးညီ ပို့ချသွားမည်ဟုလည်း ကျောက်ဖြူခရိုင်စစ်ကောင်စီအဖွဲ့မှ ဒုတိယ ဗိုလ်မှူးကြီး ဟံစိုးက ပြောကြားခဲ့ကြောင်း သိရသည်။ 

အလားတူ အမ်းမြို့နယ်မှာ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်နည်း သင်တန်းများကို ပို့ချပေးနေပြီဟု အမ်းဒေသခံတစ်ဦးက ပြောသည်။ 

“စစ်ကောင်စီက လုပ်နေပေမယ့် ပြည်သူတွေကတော့ စိတ်ဝင်စားမှု မရှိကြဘူး။ နောက်တစ်ခုက အမ်းမြို့က ဒေသခံတွေ အကုန်လုံးနီးပါးလည်း တိမ်းရှောင်နေကြပြီဆိုတော့ သူတို့ကို ထောက်ခံသူတွေနဲ့ပဲ လုပ်ချင်သလို လုပ်နေကြတာပေါ့” ဟု ပြောသည်။ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမည့် ၂၀၂၅ ရွေးကောက်ပွဲအတွက် သန်းခေါင် စာရင်းကောက်ယူရာတွင် မှန်ကန်သည့်အချက်အလက်များ ပေးကြရန် ပြည်သူများကို တိုက်တွန်းထားသည်။     

စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်မှာ စစ်ကောင်စီပြင်ဆင်နေသည့် ရွေးကောက်ပွဲသည် အလားအလာနည်းပြီး စစ်ကောင်စီအတွက်လည်း စိန်ခေါ်မှုများစွာ ရှိနိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူ ဦးထွန်းကြည်က ပြောသည်။    

“စစ်ကောင်စီဟာ အခုအခြေနေမှာ ရွေးကောက်ပွဲကို အဓိက ဦးစားပေးလာတယ်။ ရခိုင်မှာ ဒီရွေးကောက်ပွဲဖြစ်လာဖို့ ဆိုတာကလည်း အလားအလာအရမ်းနည်းတယ်။ အခုဆိုရင် သန်းခေါင်စာရင်းကောက်ဖို့ လုပ်နေတာ အများကြီး စိန်ခေါ်မှုရှိလာနိုင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဖိတ်ခေါ်နေတာလည်း နိုင်ငံရေးအတွက် အမြတ်ထုတ်ဖို့ သက်သက်ပေါ့နော်” ဟု ပြောသည်။ 

အာရက္ခတပ်တော်(AA)က ပြည်သိမ်းတိုက်ပွဲ ဆင်နွှဲနေသော ရခိုင်ပြည်တွင် စစ်ရေးပဋိပက္ခ ပြင်းထန်နေပြီး စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်၊ မာန်အောင်၊ ဂွ မြို့ပေါ်အထိသာ စစ်ကောင်စီက ထိန်းချုပ်ထားပြီး ကျန်ဒေသများကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။