- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်သို့ ပထမဆုံးအကြိမ် သွားမည်
တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်အရ ယခုရက်ပိုင်းအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်မည်ဟု ဆိုထားပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်မည့် ခရီးစဉ်လည်း ဖြစ်သည်။
04 Nov 2024
DMG ၊ နိုဝင်ဘာ ၄
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့ နိုဝင်ဘာ ၄ ရက်နေ့ တွင် သတင်းထုတ်ပြန်သည်။
တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်အရ ယခုရက်ပိုင်းအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်မည်ဟု ဆိုထားပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်မည့် ခရီးစဉ်လည်း ဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် စစ်ခေါင်းဆောင်နှင့် ဩဂုတ် ၁၄ ရက်တွင် နေပြည်တော်၌ တွေ့ဆုံပြီးနောက် စစ်ခေါင်းဆောင်၏ ယခုခရီးစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
စစ်ခေါင်းဆောင်၏ ယခုတစ်ကြိမ် ပြည်ပခရီးစဉ်သည် အာဏာသိမ်းပြီးနောက် တတိယအကြိမ် ဖြစ်ပြီး ရုရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ အာဏာသိမ်းအစောပိုင်းကာလတွင် သွားရောက်ထားသည်။
စစ်ခေါင်းဆောင်၏ ခရီးစဉ်အတွင်း တရုတ်နိုင်ငံ ကူးမင်းမြို့၌ နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့တွင် ကျင်းပမည့် (၈) ကြိမ်မြောက် မဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး ၊ (၁၀) ကြိမ်မြောက်ကျင်းပမည့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတို့ကို တက်ရောက်မည် ဖြစ်သည်။
ယင်းအပြင် တရုတ်နိုင်ငံအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ရှမ်းမြောက်ဒေသရှိ နယ်စပ်ဂိတ်များကို ပိတ်ဆို့ကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား ဖိအားပေးနေချိန်တွင် တရုတ်အစိုးရသည် စစ်ခေါင်းဆောင်အား ဖိတ်ကြားလာခြင်းဖြစ်သည်။
သုံးနှစ်တစ်ကြိမ် ကျင်းပသည့် မဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးတွင် GMS အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့က တက်ရောက်ကြမည်ဖြစ်သည်။
တရုတ်ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်နှင့် အခြား လိုက်ပါသွားမည့်သူများ တွေ့ဆုံဆွေးနွေးမည့်အကြောင်းအရာ အပြည့်အစုံကို ထုတ်ပြန်ထားခြင်း မရှိပေ။