ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း စစ်ကောင်စီ ကောက်ယူနိုင်ပါ့မလား 

၂၀၁၄ သန်းခေါင်စာရင်းကောက်ယူခဲ့မှု ၁၀ နှစ်အကြာတွင် တိကျမှန်ကန်သော လူဦးရေဆိုင်ရာ ကိန်းဂဏန်းများအတွက် နောက်တစ်ကြိမ်ကောက်ရန် အချိန်ကျရောက်လာပြီဟု စစ်ခေါင်းဆောင်က ပြောသည်။

By Admin 02 Sep 2024

ဓာတ်ပုံ - CINCDS
ဓာတ်ပုံ - CINCDS

DMG ၊ စက်တင်ဘာ ၂

မြန်မာနိုင်ငံအနှံ့ စစ်ရေးအရ အရေးနိမ့်နေသော စစ်ကောင်စီသည် လာမည့် အောက်တိုဘာလ  ၁ ရက်မှ ၁၅ ရက် အထိ သန်းခေါင်စာရင်းကောက်ယူသွားမည်ဟု တရားဝင်ကြေညာထားသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း စက်တင်ဘာ ၁ ရက်နေ့က ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။ 

၂၀၁၄ သန်းခေါင်စာရင်းကောက်ယူခဲ့မှု ၁၀ နှစ်အကြာတွင် တိကျမှန်ကန်သော လူဦးရေဆိုင်ရာ ကိန်းဂဏန်းများ အတွက် နောက်တစ်ကြိမ်ကောက်ရန် အချိန်ကျရောက်လာပြီဟု စစ်ခေါင်းဆောင်က ပြောသည်။

“အိမ်ထောင်စု အဖွဲ့အစည်းတိုင်းအတွက် စာရင်းကောက်တွေက အိမ်တိုင်ရာရောက် လာရောက်မေးမြန်းမယ့် မေးခွန်းတွေကို သံသယစိတ်၊ စိုးရိမ်ကြောင့်ကြစိတ် ကင်းစွာနဲ့ နောက်အနာဂတ် မျိုးဆက်သစ်တွေ အကျိုးအတွက် အမှန်ကိုအမှန်အတိုင်း၊ အမှားအယွင်းမရှိအောင် ယုံယုံကြည်ကြည် ဖြေကြားကြဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

သန်းခေါင်စာရင်း အချက်အလက်များသည် နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍနှင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ မဲစာရင်းအတွက်လည်း အရေးကြီးကြောင်း ဆက်ပြောသည်။ 

သို့သော်လည်း ရှမ်းမြောက်၊ ရခိုင်၊ ကရင်၊ ကချင်း၊ ချင်း၊ မန္တလေး စသည့်ဒေသများ၌ တိုက်ပွဲများပြင်းထန်နေ၍ တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူမည့် စစ်ကောင်စီ အစီအစဉ်မှာ မဖြစ်နိုင်ကြောင်း နိုင်ငံရေးအကဲခတ်များ က ပြောဆိုကြသည်။ 

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “မြို့ပေါင်း ၁၀၀ ကျော်လောက်က စစ်ရေးပဋိပက္ခဖြစ်နေတယ်။ ကျန်တဲ့ မြို့ ၉၀ ကျော်လောက်ကိုပဲ စစ်ကောင်စီက ထိန်းချုပ်ထားတာဆိုတော့ အဲဒီမြို့လောက်ကိုပဲ လူဦးရေ စာရင်းကောက်နိုင်မှာ။ တစ်နိုင်ငံလုံးရဲ့ လူဦးရေးစာရင်းကောက်မယ် ဆိုတာတော့ မဖြစ်နိုင်ဘူး” ဟု ပြောသည်။

မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃၀ တွင် တိုက်ပွဲဖြစ်နေသည့် မြို့နယ် ၇၀ ရာခိုင်နှုန်းခန့်ရှိပြီး၊ မြို့ပေါင်း ၇၀ ကျော်ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားသည့်အပြင် တိုက်ပွဲနယ်မြေလည်း ကျန်ပြန့်လာနေသည်။ 

နိုင်ငံရေးသမားတစ်ဦးက “စစ်ခေါင်းဆောင်က ဒီနှစ်မှာ သန်းခေါင်စာရင်းကောက်မယ်။ ပြီးမှ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုပြီးတော့ မကြာခဏ ပြောဆိုနေတာကို တွေ့ရတယ်။ ဒါဟာ နိုင်ငံရေးလှည့်ကွက်တစ်ခုကို ဖန်တီးနေတာဖြစ်တယ်။ ဒါပေမဲ့ လက်ရှိအခြေနေအရ တစ်နိုင်ငံလုံး ရွေးကောက်ပွဲ ကျင်းပဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ကိစ္စ ဖြစ်တယ်။ သူတို့ထိန်းချုပ်ထားတဲ့ နေရာအနည်းငယ်လောက်မှာပဲ ဖြစ်နိုင်မှာပါ” ဟု ပြောသည်။