- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်မှ စစ်ဘေးရှောင်စခန်းအချို့တွင် စစ်ကောင်စီထံမှ ရိက္ခာထောက်ပံ့မှုမရ၍ အခက်အခဲဖြစ်နေ
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ပြည်နယ်စစ်ကောင်စီထံမှ စားနပ်ရိက္ခာထောက်ပံ့မှု မရရှိသည့်အတွက် အခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။
28 Jul 2022
DMG ၊ ဇူလိုင် ၂၈
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ပြည်နယ်စစ်ကောင်စီထံမှ စားနပ်ရိက္ခာထောက်ပံ့မှု မရရှိသည့်အတွက် အခက်အခဲဖြစ်နေကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။
စစ်ကောင်စီလက်အောက်ခံ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ စစ်ဘေးရှောင်များအား စားနပ်ရိက္ခာထောက်ပံ့မှုများမှာ ပုံမှန်မရှိသလို ထောက်ပံ့မှုမရရှိသည်မှာ နှစ်လနီးပါးကြာမြင့်လာသည့်အတွက် အခက်အခဲများနှင့်ကြုံတွေ့နေရသည်ဟု အမ်းမြို့နယ် အမှတ်(၁)စစ်ဘေးရှောင်စခန်း တာဝန်ခံ ကိုသန်းချိုကပြောသည်။
“စခန်းကလူတွေမှာ အလုပ်အကိုင်လည်းမရှိကြတော့ သူတို့အတွက် ချေးငှားပြီး စီစဉ်ပေးနေရတယ်။ စစ်ဘေးရှောင်တွေမှာက သူများပေးကမ်းမှပဲ စားရတာလေ။ ဒီနှစ်ထဲမှာ ဘေး/စီမံက ဖေဖော်ဝါရီလမှာ တစ်ကြိမ်နဲ့ မတ်လမှာတစ်ကြိမ် ထောက်ပံ့သေးတယ်။ အဲဒီအချိန်ကနေ ထောက်ပံ့မှုမရရှိသေးဘူး”ဟု သူကပြောသည်။
လူဦးရေ (၂၀၀)ကျော်ရှိသည့် အဆိုပါစစ်ဘေးရှောင်စခန်းတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ တစ်လလျှင် လူတစ်ဦးကို (၁၈၀၀၀)ကျပ် ကူညီထောက်ပံ့မှုသာရှိသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ရှိသူထံမှ သိရသည်။
အလားတူ စစ်ဘေးရှောင်လူဦးရေ(၃၀၀၀)ကျော်ရှိသည့် ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်လည်း စစ်ကောင်စီမှ ယခုနှစ်အတွင်း ဇန်နဝါရီလနှင့် မေလတို့တွင် စားနပ်ရိက္ခာထောက်ပံ့မှုပေးခဲ့ပြီး ရိက္ခာထောက်ပံ့မှုမှာ ပုံမှန်မရှိသည့်အတွက် စားဝတ်နေရေး ပို၍အခက်အခဲဖြစ်ရသည်ဟု အဆိုပါစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးသန်းအေးကပြောသည်။
“ဒီလမှာတော့ တစ်ပတ်အတွင်းမှာလာမယ်ဆိုပြီး (ဘေး/စီမံ)က ဖုန်းဆက်လို့တော့ရှိတယ်။ သူတို့ရောက်မယ်ဆိုရင်လည်း ဒီလကုန်လောက်မှပဲ ရောက်လာနိုင်တယ်။ စစ်ဘေးရှောင်တွေမှာ ကူညီထောက်ပံ့မှု ပုံမှန်ရတာတောင် အခက်အခဲတွေရှိနေတာ။ အခု ပုံမှန်မရတော့ သူတို့အတွက် ပိုအခက်အခဲရှိသွားတယ်။ နီးစပ်ရာ လက်လီလက်ကားဆိုင်တွေက အကြွေးဝယ်စားနေရတယ်။ တခြားအဖွဲ့အစည်းတွေက လာလှူတာလည်းမရှိဘူး”ဟု သူကပြောသည်။
စစ်ကောင်စီထံမှ ကူညီထောက်ပံ့မှုများကို ပုံမှန်မရရှိသည့်အတွက် အခက်အခဲဖြစ်နေကြသည့်စစ်ဘေးရှောင်များမှာ ကြုံရာကျပန်းလုပ်ကိုင်ပြီး စားဝတ်နေရေးကိုဖြေရှင်းနေကြရသည်ဟု ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီစစ်ဘေးရှောင်စခန်းမှ တာဝန်ခံ ဦးမောင်ကြာကပြောသည်။
“ဒီလမှာတော့ လာပို့မယ်လို့ (ဘေး/စီမံ)က ဖုန်းဆက်ပါတယ်။ အခုထိတော့ မရသေးဘူး။ ထောက်ပံ့မှု ပုံမှန်မရောက်တဲ့အတွက် စစ်ဘေးရှောင်တွေမှာ ရှာကြံပြီး စားသောက်ရတယ်။ တောတောင်တွေမှာ မျှစ်တွေ၊ ဟင်းသီးဟင်းရွက်တွေကိုရှာပြီး စားသောက်ရတဲ့သူတွေရှိတယ်။ ချေးငှားပြီး စားသောက်ကြတဲ့သူတွေရှိတယ်။ ဆန်ပုံမှန်မရောက်ရင် အခုလိုရှာကြံပြီးစားကြရပါတယ်”ဟု သူကဆိုသည်။
ပြည်သူလူထုကို စောင့်ရှောက်ရန်တာဝန်ရှိသည့် စစ်ကောင်စီအနေဖြင့် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ဆန်ရိက္ခာများကို အပြည့်အဝကူညီထောက်ပံ့ရန် တာဝန်ရှိကြောင်း စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသည့် သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့မှ ကိုအမ်းသားကြီးကပြောသည်။
“အဓိက တာဝန်ရှိတဲ့(စစ်ကောင်စီ)အစိုးရက ကူညီထောက်ပံ့မှုတွေကို ပေးချင်တဲ့လမှာ ပေးတယ်။ မပေးချင်တဲ့အခါ မပေးတဲ့ လတွေများတယ်။ နောက် အစိုးရကပေးလိုက်တဲ့ ထောက်ပံ့မှုတွေဟာလည်း လုံလုံလောက်လောက်နဲ့ အပြည့်အဝရောက်မလာတာများတယ်။ အစိုးရကိုပြောချင်တာက သူတို့ကိုယ်တိုင် စစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာလောက်ငှလား၊ ငတ်မွတ်နေလားဆိုတာကို ကွင်းဆင်းပြီးစစ်ဆေးကြည့်သင့်တယ်”ဟု သူကဆိုသည်။
စစ်ကောင်စီမှ စစ်ဘေးရှောင်များအား ဆန်ရိက္ခာထောက်ပံ့ပေးမှု ကြန့်ကြာနေခြင်းနှင့်ပတ်သက်၍ သိရှိနိုင်ရန် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသူရိန်ထွန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
စစ်ဘေးရှောင်များ ဆန်ရိက္ခာထောက်ပံ့မှု ပုံမှန်မရရှိခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက “သူတို့(ဘေးစီမံ)ဌာနမှာ ဘက်ဂျက်က ပြည်နယ်ဘတ်ဂျက် မဟုတ်ဘူး။ ပြည်ထောင်စုဘတ်ဂျက်ဖြစ်တယ်။ ပြည်ထောင်စုဘတ်ဂျက်ကို အစိုးရမှာ သုံးလ တစ်ကြိမ်ချပေးတယ်။ ဆိုတော့ ချပေးတာကြန့်ကြာလို့လား။ ငွေထုတ်တာမှာ အခက်အခဲဖြစ်နေလို့လား။ ဒါမှမဟုတ် ပစ္စည်းဝယ်ပြီးပို့တဲ့အခါမှာ အခက်အခဲဖြစ်လို့လား အသေးစိတ်ကိုတော့ ဘေးစီမံကပဲသိမယ်”ဟု သူကပြောသည်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သည့် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်တွင် စစ်ဘေးဒုက္ခသည်ဦးရေ ၂ သိန်းကျော်ရှိခဲ့သည်။ယင်းနောက် တိုက်ပွဲများငြိမ်သက်နေချိန်တွင် စစ်ဘေးရှောင်များမှာ နေရပ်ပြန်ကြသော်လည်း ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးဒုက္ခသည်ဦးရေ ခြောက်သောင်းကျော်အထိရှိနေသည်။
ယခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က မောင်တောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်တွင် ရခိုင်ပြည်အတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမည်ကို စစ်ဘေးဒုက္ခသည်များ စိုးရိမ်နေကြသည်။ ယင်းအပြင် ဇူလိုင်လ ၁၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် AA တို့ကြား စစ်ရေးတင်းမာနေမှုကြောင့် ရသေ့တောင်မြို့နယ်မှ ဒေသခံ(၁၅၀၀)ကျော်မှာ ဘေးလွတ်ရာသို့ထွက်ပြေးကာ စစ်ဘေးဒုက္ခသည်အဖြစ်ဖြင့် တိမ်းရှောင်နေကြရသည်။