စစ်ကောင်စီအစီအစဉ်ဖြင့် နေရပ်ပြန်ပို့နေသော်လည်း စစ်ဘေးရှောင်များ နေရပ်မပြန်ရဲသေး

ရခိုင်တွင် ဒေသတည်ငြိမ်မှုရှိပြီဆိုသော အကြောင်းပြချက်ဖြင့် စစ်ဘေးရှောင်များကို စစ်ကောင်စီအစီအစဉ်ဖြင့် နေရပ်ပြန်ပို့ပေးနေသော်လည်း လက်ရှိအနေအထားအရ နေရပ်မပြန်ရဲသေးကြောင်း ပြောဆိုကြသည်။

By Admin 24 Dec 2022

စစ်ကောင်စီအစီအစဉ်ဖြင့် နေရပ်ပြန်ပို့နေသော်လည်း စစ်ဘေးရှောင်များ နေရပ်မပြန်ရဲသေး

စစ်တွေမြို့ တေဇာရာမစခန်း၌ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များကို တွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၂၄

ရခိုင်တွင် ဒေသတည်ငြိမ်မှုရှိပြီဆိုသော အကြောင်းပြချက်ဖြင့် စစ်ဘေးရှောင်များကို စစ်ကောင်စီအစီအစဉ်ဖြင့် နေရပ်ပြန်ပို့ပေးနေသော်လည်း လက်ရှိအနေအထားအရ နေရပ်မပြန်ရဲသေးကြောင်း ပြောဆိုကြသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ နှစ်ဘက်နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားသည်မှာ ၁ လခန့် ကြာမြင့်နေပြီဖြစ်သော်လည်း ကျေးရွာအနီးပတ်ဝန်းကျင်တွင် မိုင်းရှင်းလင်းရေးလုပ်ငန်း၊ တပ်စွဲနေထိုင်နေသည့် စစ်တပ်စခန်းများကို ရုပ်သိမ်းခြင်းမရှိသေးဘဲ စစ်ဘေးရှောင်များ နေရပ်ပြန်ရေးကိစ္စကို ပြည်နယ်စစ်ကောင်စီက စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းမှ ဦးအောင်ကျော်ဝင်းက “လုံခြုံမှုမရှိဘူးဆိုရင်တော့ ပြန်ဖို့မဖြစ်နိုင်ပါဘူး။ ဘာလို့ဆိုရင် မြေမြုပ်မိုင်းနှင့် တခြားစစ်ကျန်လက်နက်တွေ ရှိနေသေးရင်တော့ ဘာမှ လုပ်ကိုင်စားသောက်လို့ရမှာ မဟုတ်ဘူး။ ကိုယ်ဖြစ်ရင် ကိုယ်ပဲခံရမှာ။ နေရပ်ကိုပြန်သွားလို့ တစ်ခုခုဖြစ်သွားရင် ဒီစခန်းမှာနေရတာထက် ပိုဆိုးသွားမယ်”ဟု ပြောသည်။

ယင်းအပြင် ပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်မဆောက်လုပ်နိုင်ခြင်း၊ အလုပ်အကိုင်ရှားပါးမှုပြဿနာအပြင် လုံခြုံမှုအနေထားမရှိသည့် အခြေအနေမျိုးတွင် စစ်ဘေးရှောင်အများစုသည် နေရပ်မပြန်ရဲသေးခြင်းဖြစ်ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် ရေဖြူကန်စစ်ဘေးရှောင်စခန်းမှ ဦးကိုသန်းဌေးက “နေရပ်ပြန်သွားမယ်ဆိုရင်လည်း ကျီးလန့်စာ စားနေရသလို ဖြစ်သွားမလား စိုးရိမ်တယ်။ တောင်ယာသွားပြီးတော့လည်း အလုပ်သွားလုပ်ရဲမှာ မဟုတ်ပါဘူး။ တိုင်းပြည်အနေထားကိုလည်း မှန်းဆလို့မရတဲ့ အနေထားမှာ သိပ်ပြီးတော့ ပြန်ချင်စိတ်မဖြစ်သေးပါဘူး”ဟု ပြောသည်။

ထိုအခြေအနေတွင် စစ်ကောင်စီက နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး၊ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးနှင့် ပတ်သက်၍ ပြည်နယ်အဆင့် အစည်းအဝေးတစ်ရပ်ကို ဒီဇင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည်ဟု MRTV 4 လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များကို တစ်အိမ်ထောင်လျှင် ငွေကျပ် ၅သိန်း၊ တစ်လစာ စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်း ၁၂ မျိုးစီ ထောက်ပံ့ပြီး နေရပ်ပြန်ပို့ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

မြေပုံမြို့ အငူစခန်းမှ ယခုလအတွင်း မိမိနေရပ်ကိုပြန်သွားသည့် စစ်ဘေးရှောင်တစ်ဦးက လက်ရှိမှာ စားဝတ်နေရေး အဆင်ပြေနေသော်လည်း ရေရှည်အတွက် အဆင်မပြေနိုင်ကြောင်း ပြောသည်။

“အစိုးရဆီကပေးတဲ့ စားနပ်ရိက္ခာနဲ့ စားနေကြတယ်။ ငွေငါးသိန်းက အကြွေးပေးလိုက်လို့ ဘာမှမရှိတော့ဘူး။ ရွာမှာ ကျန်ခဲ့တဲ့ အိမ်ကိုတောင် ပြန်မလုပ်နိုင်သေးပါဘူး”ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ မြေပုံမြို့ အငူစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၆၇ စု၊ လူဦးရေ ၂၂၉ ဦးရှိပြီး ၎င်းတို့အားလုံးကို ဒီဇင်ဘာလအတွင်း စစ်ကောင်စီအစီအစဉ်ဖြင့် မိမိနေရပ်သို့ပြန်ပို့ပေးခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီမှ ဖိအားပေးပြန်ခိုင်းသည့်အတွက် မိမိနေရပ်သို့ပြန်လာရခြင်းဖြစ်သည်ဟုလည်း နေရပ်ပြန်လာသည်ဟု စစ်ဘေးရှောင်တချို့က ပြောဆိုကြသည်။

“ဒီမှာနေမယ်ဆိုရင် NGO/INGO အဖွဲ့တွေကို ထောက်ပံ့ခွင့်မပြုဘူး။ ထောက်ပံ့မှုတွေလည်း ဘာမှ ရမှာမဟုတ်ဘူးလို့ပြောတယ်။ ကျမတို့ဆီက သနားခံစာ တင်ပြတာကိုတောင် သူတို့ အကြောင်းမပြန်ခဲ့ပါဘူး။ ကျမတို့ကို လက်မှတ်ထိုးခိုင်းတယ် ပြီးရင် ဒီလအတွင်းမှာပြန်ဖို့ သူတို့စီစဉ်ပေးပါတယ်”ဟု နေရပ်ပြန်သွားသည့် အမ်းမြို့နယ် ဒါးလက်အနောက်ရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲကို နှစ်ဘက်နားလည်မှုနှင့် ရပ်နားထားချိန် မြောက်ဦးမြို့နယ်မှ နေရပ်ပြန်မည့် စစ်ဘေးရှောင်များစာရင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့မှ စတင် ကောက်ခံနေသည်ဟုလည်း သိရသည်။

လက်ရှိတွင် အမ်းမြို့နယ်မှ စစ်ဘေးရှောင်ဦးရေ (၅၃၂၀)ဦးနှင့် ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင် (၅၈၉ )ဦးတို့ကို မူလနေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း စစ်ကောင်စီပိုင် သတင်းစာတွင်ရေးသားဖော်ပြချက်အရ သိရသည်။

နယ်မြေတည်ငြိမ်အေးချမ်းပြီဟုဆိုကာ စစ်ဘေးရှောင်များအား နေရပ်ပြန်ပို့နေပြီး ၎င်းတို့၏ လူမှုစီးပွားဘဝရပ်တည်ရေးအတွက် တစ်စုံတစ်ရာ ဖန်တီးပေးခြင်း မရှိပါက ပို၍ခက်ခဲသွားနိုင်မည်ဖြစ်ကြောင်း ရခိုင်အမျိုး သားပါတီ(ANP)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“သူတို့နေထိုင်ခဲ့တဲ့ ရပ်ရွာတွေ တည်ငြိမ်အေးချမ်းဖို့လိုအပ်ပါတယ်။ မြေမြုပ်မိုင်းတွေ ကင်းရှင်းဖို ့လိုအပ်ပါတယ်။ စစ်ဘေးရှောင်ဘဝရပ်တည်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်း လိုအပ်တယ်။ အဲဒီလို အခြေနေအခင်း အကျင်းတွေကို ဖန်တီးပေးဖို့လိုပါတယ်။ အခုအနေထားရဆိုရင် အဲဒါတွေ ဘာမှမတွေ့ရသေးဘူး။ ဒီလိုအနေထားမှာ နေရပ်ပြန်သွားကြရင်တော့ မိမိအသက်ရှင် ရပ်တည်ဖို့အတွက် အခက်အခဲရှိနိုင်တယ်”ဟု ၎င်းက ဆက်ပြောသည်။

မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေကြသည့် ဒုက္ခသည် အိမ်ထောင်စု ၇၂ စု၊ လူဦးရေ ၂၂၄ ဦးတို့မှာ ယခုနှစ် ဇွန်လအတွင်းက ပြည်နယ်စစ်ကောင်စီ၏ စီစဉ်ပေးမှုနှင့် နေရပ်ပြန်သွားခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားသော်လည်း စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ပေးနေသည့် NGO/INGO နှင့် အရပ်ဖက်အဖွဲ့အစည်းများ လွတ်လပ်စွာ ထောက်ပံ့ခွင့် မရသေးပေ။