- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်ရာဇဝင်သစ်ကျမ်းကိုရေးသားခဲ့သည့် အရှင်စန္ဒမာလာလင်္ကာရ၏ အထိမ်းအမှတ်ပွဲကို ရခိုင်တစ်ပြည်နယ်လုံးတွင်ပြုလုပ်ရန် ရမ်းဗြဲဒေသခံများလိုလား
ရခိုင်ရာဇဝင်သစ်ကျမ်းကိုရေးသားပြုစုခဲ့သည့် ရမ်းဗြဲတောင်ကျောင်းဆရာတော် အရှင်စန္ဒမာလာလင်္ကာရ ပျံလွန်တော်မူခြင်း နှစ်(၉၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကို ရမ်းဗြဲလူငယ်ကွန်ယက်မှ ဦးဆောင်ကာ ရမ်းဗြဲမြို့တွင် ယနေ့ပြုလုပ်ခဲ့သည်။
03 Dec 2021
DMG ၊ ဒီဇင်ဘာ ၃
ရခိုင်ရာဇဝင်သစ်ကျမ်းကိုရေးသားပြုစုခဲ့သည့် ရမ်းဗြဲတောင်ကျောင်းဆရာတော် အရှင်စန္ဒမာလာလင်္ကာရ ပျံလွန်တော်မူခြင်း နှစ်(၉၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကို ရမ်းဗြဲလူငယ်ကွန်ယက်မှ ဦးဆောင်ကာ ရမ်းဗြဲမြို့တွင် ယနေ့ပြုလုပ်ခဲ့သည်။
ဆရာတော်အရှင်စန္ဒမာလာလင်္ကာရ၏ အထိမ်းအမှတ်ပွဲတော်ကို ရမ်းဗြဲမြို့တွင် ဒုတိယအကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဘာသာရေးသာမက အမျိုးသားရေးအတွက်ပါ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော ဆရာတော်၏အထိမ်းအမှတ်ပွဲကို ရခိုင်တစ်ပြည်နယ်လုံးတွင်ပြုလုပ်စေလိုကြောင်း ရမ်းဗြဲလူငယ်ကွန်ယက် ဥက္ကဋ္ဌ မဆုမြတ်ထွေးကပြောသည်။
"ရခိုင်တစ်ပြည်နယ်လုံးကို ဆရာတော်ကြီးအထိမ်းအမှတ်လုပ်စေချင်တယ်။ ပြီးတော့ ဒီဇင်ဘာ ၃ ရက်နေ့ကို ဆရာတော်ကြီးအထိမ်းအမှတ်နေ့အဖြစ်လဲ ရခိုင်ပြက္ခဒိန်တွေမှာပါ ထည့်စေချင်တယ်"ဟု ၎င်းကပြောသည်။
ယနေ့ပြုလုပ်သည့် ဆရာတော်ပျံလွန်တော်မူခြင်း နှစ်(၉၀)ပြည့်အထိမ်းအမှတ်ပွဲတွင် ဆရာတော်အကြောင်းနှင့်ပတ်သက်သည့် ဉာဏ်စမ်းပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ထည့်သွင်းကျင်းပခဲ့ကြသည်။
ရမ်းဗြဲလူငယ်များမှဦးဆောင်ပြီး ဆရာတော်ကြီး၏အခမ်းအနားလုပ်ဆောင်သည့်အပေါ် ဝမ်းမြောက်ကြောင်း ရမ်းဗြဲမြို့ခံ ကိုထွန်းနိုင်ကပြောသည်။
"အရင်တုန်းက အခုလိုမျိုးလုပ်တာမရှိခဲ့ဘူး။ အခုလူငယ်တွေ စည်စည်ကားကားနဲ့ လုပ်တာတွေ့တော့ဝမ်းမြောက်မိတယ်။ ဆရာတော်က အမျိုးသားရေးအတွက် အရေးပါတဲ့ပုဂ္ဂိုလ်တစ်ဦးလဲဖြစ်တော့ ရခိုင်က မြို့နယ်တွေအကုန်လုံးလုပ်စေချင်တယ်"ဟု ၎င်းကဆိုသည်။
ဆရာတော်စန္ဒမာလာလင်္ကာရမှာ ရမ်းဗြဲမြို့နယ် ဇာတိဖြစ်ပြီး ဘာသာရေးအပြင် ရခိုင်သမိုင်းနှင့်ရာဇဝင်များကိုပါ ရေးသားခဲ့သူဖြစ်သည်။ ၁၉၃၁ ခုနှစ်တွင် ဆရာတော်အရှင်စန္ဒမာလာလင်္ကာရ ပျံလွန်တော်မူခဲ့သည်။