ရွှေကျင်တွင် လက်နက်ကြီးကျ၍ ဒေသခံ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ရွှေကျင်းမြို့နယ်၊ သံဆိပ်ကျေးရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေသခံ ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

30 Aug 2022

DMG ၊ သြဂုတ် ၃၀

ပဲခူးတိုင်း၊ ရွှေကျင်းမြို့နယ်၊ သံဆိပ်ကျေးရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေသခံ ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာအနီးတွင် ယနေ့(သြဂုတ်လ ၃၀ ရက်) နံနက် ၅ နာရီခွဲမှ နေ့လည် ၁၁ နာရီခွဲအချိန်အထိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျရောက်ကာ သေဆုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

သံဆိပ်ကျေးရွာသားတစ်ဦးက “တိုက်ပွဲဖြစ်နေတုန်း စစ်တပ်က လက်နက်ကြီးနဲ့ ရွာထဲကိုလှမ်းပစ်တယ်။ အချက်ရေ ၁၀ ချက်ကျော်တယ်။ ရွာထဲက အသက်ကြီးပိုင်းတစ်ဦး လက်နက်ကြီးမှန်ပြီးသေတယ်။ နောက်သုံးဦးက ဒဏ်ရာပြင်းထန်တယ်”ဟု ဆိုသည်။

ထိုတိုက်ပွဲမှာ သံဆိပ်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ကေအန်ယူတပ်မဟာ(၃) KNLA ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများကပြောဆိုကြသည်။

ရွှေကျင်မြို့ခံတစ်ဦးက “ဒီနေ့မနက် (၅)နာရီလောက်မှာ ရွာအပြင်မှာတပ်စွဲထားတဲ့ စစ်တပ်စခန်း တိုက်ခိုက်ခံရပါတယ်။ အခုအချိန်အထိ တိုက်ပွဲပြင်းထန်နေပါတယ်။ ကျေးရွာသားအချို့လည်း ထွက်ပြေးနေရပါတယ်”ဟု ပြောသည်။

သံဆိပ်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က အင်အား ၅၀ ကျော်ဖြင့်ဝင်ရောက်နေပြီး KNLA ပူးပေါင်းအဖွဲ့နှင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ကေအန်ယူတပ်မဟာ(၃)မှ သတင်းအရင်းမြစ်ကပြောသည်။

၎င်းက “မနက်အစောပိုင်းမှာ သံဆိပ်ရွာရဲ့ စစ်ကောင်စီတပ်စခန်း အတိုက်ခံရပြီးတော့ စခန်းကျသွားပါတယ်။ အခုရွာထဲကို စစ်ကြောင်းပြန်ထိုးနေတယ်လို့သိရပါတယ်။ တိုက်ပွဲကတော့ အခုအထိ ပြင်းထန်နေဆဲဖြစ်ပါတယ်”ဟု ပြောသည်။

ရွှေကျင်မြို့နယ် သံဆိပ်ကျေးရွာအနီး တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေမှုကြောင့် ကျေးရွာဒေသခံ (၃၀၀၀)နီးပါးမှာ နီးစပ်ရာ တောတောင်အတွင်းသို့ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရကြောင်းစစ်ရှောင်ကူညီရေးလုပ်ဆောင်သူများထံမှ သိရသည်။