မစ္စတာဆာဆာကာဝါ ဒုတိယအကြိမ်စစ်တွေရောက်ရှိ

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများရပ်တန့်ရန် အဓိကကြားဝင်ညှိနှိုင်းပေးခဲ့သည့် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါသည် ယနေ့(နိုဝင်ဘာလ ၁၅ ရက်နေ့)တွင် စစ်တွေမြို့သို့ ဒုတိယအကြိမ်အဖြစ်ရောက်ရှိလာသည်။

14 Nov 2021

DMG ၊ နိုဝင်ဘာ ၁၅

ယနေ့နံနက်ပိုင်းက စစ်တွေမြို့သို့ရောက်ရှိလာသော မစ္စတာဆာဆာကာဝါသည် စစ်တွေမြို့ရှိ IDP ကယ်ဆယ်ရေးစခန်းများကို သွားရောက်လေ့လာမည်ဖြစ်ကြောင်း ပြည်နယ်ကောင်စီဧည့်ဂေဟာတွင် သတင်းမီဒီယာများကိုပြောကြားခဲ့သည်။

ယင်းအပြင် မြန်မာတစ်နိုင်ငံလုံးကိုလည်း ကိုဗစ်ကာကွယ်ဆေးအတွက် ဒေါ်လာသုံးသန်းလှူဒါန်းသွားမည်ဖြစ်ကြောင်း မစ္စတာဆာဆာကာဝါက ပြောဆိုခဲ့သည်။

“မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးလိုအပ်နေဆဲဖြစ်တဲ့အကြောင်းကိုကြားသိရပါတယ်။ အဲဒါကြောင့် မြန်မာပြည်သူပြည်သားတွေအားလုံးအတွက်ကို ဒေါ်လာသုံးသိန်းဖို့ ကိုဗစ်ကာကွယ်ဆေးဝယ်ဖို့အတွက်ကို ဒေါ်လာသုံးသန်းလှူးသွားမယ်။ နောက်လိုအပ်နေတဲ့အချိန်မှာ အတက်နိုင်ဆုံး၊ အမြန်ဆုံးမြန်မာပြည်သူပြည်သားတွေအတွက် ထောက်ပံ့ပေးဖို့အတွက် ကြိုးစားဆောင်ရွက်နေပါတယ်”ဟု မစ္စတာဆာဆာကာဝါကပြောသည်။

မစ္စတာဆာဆာကာဝါသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကလည်း မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှမြို့နယ်အချို့ကို သွားရောက်လေ့လာခဲ့ပြီး ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့်မြို့နယ်များတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန် တိုက်တွန်းခဲ့သည်။