တောင်ကုတ်တက္ကသိုလ်ရှိ ပါမောက္ခချုပ်တိုက်ခန်းကို စစ်ကောင်စီဖောက်ထွင်း 

“စစ်ကောင်စီတပ်သားတွေက ပါမောက္ခတိုက်ခန်းသော့တွေကို ဖျက်ပြီးတော့ ဖောက်ထွင်းနေကြတာ။ အသုံးအဆောင်ပစ္စည်းတွေကအစ အကုန်ယူနေကြတာ” ဟု သတင်းရင်းမြစ်က ပြောသည်။

By Admin 02 Jul 2024

ဓာတ်ပုံ - Taunggoke University Memory DMG Newsroom
ဓာတ်ပုံ - Taunggoke University Memory DMG Newsroom

DMG ၊ ဇူလိုင် ၂

ရခိုင်ပြည်၊ တောင်ကုတ်မြို့ရှိ၊ တောင်ကုတ်တက္ကသိုလ်အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပါမောက္ခချုပ်တိုက်ခန်းကို ဖောက်ထွင်းကာ ပစ္စည်းများကိုယူဆောင်သွားကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်ထံမှ သိရသည်။ 

“စစ်ကောင်စီတပ်သားတွေက ပါမောက္ခတိုက်ခန်းသော့တွေကို ဖျက်ပြီးတော့ ဖောက်ထွင်းနေကြတာ။ အသုံးအဆောင်ပစ္စည်းတွေကအစ အကုန်ယူနေကြတာ” ဟု သတင်းရင်းမြစ်က ပြောသည်။

ဇွန်လ ၁၇ ရက်က စစ်ကောင်စီပစ်ခတ်လိုက်သော လက်နက်ကြီးကျည်မှာ တောင်ကုတ်တက္ကသိုလ်အတွင်း ကျရောက်ပေါက်ကွဲခဲ့၍ သင်တန်းရေးရာဌာနမှူးအဆောင်နှင့်ကား ထိခိုက်ပျက်စီးသွားခဲ့သည်။

ယင်းနောက် ပါမောက္ခချုပ်အပါအဝင် ဆရာ/ဆရာမများ ရွှေ့ပြောင်းသွားပြီးနောက် တောင်ကုတ်တက္ကသိုလ်တွင် စစ်ကောင်စီက တပ်စွဲနေထိုင်လိုက်ခြင်းဖြစ်သည်။ 

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုနှင့်အတူ နှစ်ဖက်စစ်ရေးတင်းမာနေကြသည်။ စစ်ကောင်စီက မြို့ပတ်ပတ်လည်တွင် မိုင်းထောင်ထားပြီး ခံစစ်အခိုင်အမာ ပြင်ဆင်ထားသည်။ 

“မြို့ထဲမှာ အရင်လို သွားလာလို့မရတော့ဘူး။ သူတို့က လုံခြုံရေးအရမ်းတင်းကြပ်ထားတယ်။ အခုက အစစအရာရာ သတိထားနေထိုင်နေရတယ်။ လုံခြုံမှုမရှိတော့ဘူး” ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။

အာရက္ခတပ်တော်(AA)၏ အရှိန်မြှင့်ထိုးစစ်ကြောင့် ရှုံးမဲ,မဲနေသော စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်ဆဲ မြို့နယ်များတွင် လူနေအိမ်များ၊ အများပိုင်အအောက်အအုံများ၌ တပ်စွဲနေထိုင်ပြီး ပြည်သူပိုင်ပစ္စည်းများအား ဖောက်ထွင်းယူဆောင်မှုများ လုပ်ဆောင်နေသည်။ 

စစ်တွေမြို့နယ်တွင်လည်း ကျေးရွာပေါင်း ၁၀ ကျော်ကို နှင်ထုတ်ခဲ့ပြီးနောက် စစ်ကောင်စီက တပ်စွဲထားပြီး နေအိမ်များကို ဖောက်ထွင်းကာ ပစ္စည်းများကို ယူဆောင်လျက်ရှိနေသည်။ 

“စစ်ကောင်စီက စစ်ရှုံးတာကို အငြိုးအတေးထားပြီး ပြည်သူတွေပိုင်ဆိုင်သမျှကို ခိုးယူ၊ ဖျက်ဆီးနေတယ်။ လုံခြုံရေးအရ ဆောင်ရွက်တာ မဟုတ်ဘဲ တမင်ပျက်စီးအောင်လုပ်နေတာ” ဟု လူမှုရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။  

ရခိုင်တွင် တိုက်ပွဲ ၇ လကျော်အတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှု တို့ကြောင့် နေအိမ်၊ ဈေးဆိုင်ခန်းအပါအဝင် အဆောက်အအုံအများအပြား ပျက်စီးခဲ့ရသည်။