- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
နေရပ်ပြန်သွားကြသည့် ရခိုင်ကစစ်ဘေးရှောင်များ စားဝတ်နေရေးခက်ခဲနေ
ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများ ရပ်တန့်နေသည်မှာ ၁၁ လခန့်ကြာမြင့်လာပြီးဖြစ်ကာ စစ်ဘေးရှောင်အချို့မှာလည်း မိမိနေရပ်သို့ ပြန်သွားကြသည်များ ရှိလာသည်။
21 Sep 2021
DMG ၊ စက်တင်ဘာ ၂၁
ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများ ရပ်တန့်နေသည်မှာ ၁၁ လခန့်ကြာမြင့်လာပြီးဖြစ်ကာ စစ်ဘေးရှောင်အချို့မှာလည်း မိမိနေရပ်သို့ ပြန်သွားကြသည်များ ရှိလာသည်။
နေရပ်ပြန်စစ်ဘေးရှောင်များမှာ မိုင်းအန္တရာယ်ကိုစိုးရိမ်မှုကြောင့် ယခင်ကလုပ်ကိုင်ခဲ့သည့် တောင်ယာ၊ ဝါးခုတ်၊ ဟင်းရှာသည့်အလုပ်များကိုမလုပ်ရဘဲ စားဝတ်နေရေးအခက်အခဲရှိနေခြင်းဖြစ်ကြောင်း နေရပ်ပြန်သွားသူများက ဆိုသည်။
နေရပ်သို့ပြန်လာသည်မှာ ၂ လခန့်ကြာမြင့်လာသော်လည်း အခက်အခဲမျိုးစုံနှင့်ရင်ဆိုင်နေရသည်ဟု ကျောက်တော်မြို့နယ်၊ ငစရိုင်းကိုင်းကျေးရွာမှ ဦးထွန်းလှကျော်ကပြောသည်။
“ပါလာတဲ့ငွေတွေနဲ့ ရွာရောက်ရင် အိမ်တွေကိုပြုပြင်လိုက်ရလို့ကုန်သွားတယ်။ ဒီမှာက အလုပ်အကိုင်လည်းမရှိဘူး။ တောတောင်တွေကိုသွားပြီး ဟင်းခူး၊ ဝါးခုတ်လုပ်ရင်လည်း နေ့တိုင်းမသွား ရဲကြဘူး။ မိုင်းအန္တရာယ်တွေကိုလည်း စိုးရိမ်နေရတယ်။ အဲတာကြောင့် ကျနော်တို့မှာ စားဝတ်နေရေးအခက်အခဲဖြစ်နေတယ်“ ဟု ၎င်းကဆိုသည်။
ကျောက်တော်မြို့နယ်၊ လီကွိကျေးရွာမှ နေရပ်ပြန်သွားကြသူများမှာလည်း လယ်ယာမစိုက်ပျိုးနိုင်ခြင်းကြောင့် ဝမ်းစာမရှိဘဲ မိသားစုဆက်လက်ရပ်တည်ရန် အခက်အခဲဖြစ်နေကြောင်း ဦးစိန်ကိုင်းက ပြောသည်။
“စစ်ဘေးရှောင်စခန်းမှာလည်း အခက်အခဲဖြစ်တာကြောင့် ရွာပြန်လာကြတာ။ ရွာပြန်ရောက်တော့လည်း အလုပ်လည်းမရှိ။ မိုးစပါးစိုက်ပျိုးချင်ပေမဲ့လည်း မျိုးစေ့တွေမရှိတဲ့အတွက် မစိုက်ပျိုးလိုက်ရဘူး" ဟု ၎င်းကဆိုသည်။
စစ်ဘေးရှောင်များနေရပ်ပြန်ပါက အစိုးရမှ ၃ လစာရိက္ခာနှင့် WFP မှ ထောက်ပံ့ငွေကို ဆက်လက်ထောက်ပံ့ပေးမည်ဟု ပြောသော်လည်း နေရပ်ပြန်လာသည်မှာ ၂ လကြာသည့်တိုင်မရရှိသေးကြောင်း အစိုးရအစီအစဉ်ဖြင့်နေရပ်ပြန်လာသည့် ကျောက်တော်မြို့နယ်၊ သိန်းချောင်းကျေးရွာမှ ဦးမောင်လှကပြောသည်။
“ကျနော်တို့ကပြန်ချင်လို့ ပြန်တာမဟုတ်ဘူး။ သူတို့(အစိုးရ)ကပြန်လို့ရပြီပြောလို့ ပြန်တာပါ။ ပြန်တုန်းကတော့ ငွေ ၅ သိန်းနဲ့ ဆန်တစ်အိတ်ပေးလိုက်တယ်။ ရွာကိုရောက်လို့ရှိရင် ၃ လလောက် ရိက္ခာဆက်လက်ထောက်ပံ့ပေးမယ်လို့ပြောခဲ့တယ်။ WFP ကလည်း ပြန်သွားကြတဲ့သူတွေဟာ အလုပ်အကိုင်လည်းမရှိတဲ့အတွက် ရာနှုန်းပြည့်ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့ပြောခဲ့ပေမဲ့ အခုချိန်ထိ ဘာတစ်ခုမှမထောက်ပံ့ပေးပါဘူး" ဟု ၎င်းကဆိုသည်။
စစ်ဘေးရှောင်များမှာ ကိုဗစ်ကူးစက်ရန်စိုးရိမ်ခြင်း၊ စခန်းအတွင်းအလှူရှင်နည်းပါးလာခြင်း၊ စားဝတ်နေရေးအဆင်မပြေခြင်းတို့ကြောင့် မိမိကျေးရွာအတွင်း လုပ်ကိုင်စားသောက်ရန် ပြန်သွားကြခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ဥက္ကဋ္ဌ ကိုဇော်ဇော်ထွန်းက “တချို့ပြန်သွားကြတဲ့နေရာတွေမှာဆိုရင် လုပ်ကိုင်စားသောက်ဖို့အတွက် မိုင်းအန္တရာယ်ကိုစိုးရိမ်တယ်။ သူတို့အနေနဲ့ အကြောင်းတစ်ခုခုကြောင့် အဆင်မပြေပဲ ပြန်လာလို့ရှိရင် စခန်းမှာလည်း ပြန်ပြီးအဆင်မပြေတော့မှာကို ကျနော်တို့အနေနဲ့စိုးရိမ်တယ်“ဟု စက်တင်ဘာလဒုတိယအပတ်က DMG ကို ပြောဆိုထားသည်။
မိမိနေရပ်ပြန်သွားကြရာတွင် မီးလောင်ပျက်စီးသွားသည့် ကျေးရွာများ၊ မိုင်းအန္တရယ် စိုးရိမ်ရသည့်နေရာများမှ ဒေသခံများအနေဖြင့် လတ်တလောကာလတွင် နေရပ်မပြန်သင့်သေးကြောင်းလည်း ကိုဇော်ဇော်ထွန်းက အသိပေးပြောကြားခဲ့သည်။
လက်ရှိတွင် နေရပ်ပြန်သွားကြသည့် စစ်ဘေးရှောင်တစ်သိန်းကျော်ခန့်ရှိပြီး ထိုအထဲတွင် ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်တို့မှ အများဆုံးဖြစ်ကြပြီး ဘူးသီးတောင်၊ ရသေ့တောင်နှင့် အခြားမြို့နယ်များမှ အနည်းအကျဉ်းပါဝင်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိနေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ကိုးသောင်းကျော်ရှိနေသေးကြောင်းလည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းအရသိရသည်။