- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဆောင်းသီးနှံစိုက်ပျိုးသူများ အရှုံးပေါ်
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြင့်တက်လာခဲ့သော စိုက်ပျိုးရေးလုပ်ငန်းသုံး မြေဆီမြေသြဇာဈေးနှုန်းကြောင့် တောင်သူများမှာ စိုက်ပျိုးရေးကုန်ကျစရိတ်နှင့် ဝင်ငွေမကာမိဘဲ အရှုံးပေါ်ခဲ့ခြင်းဖြစ်သည်။
06 Jan 2022
DMG ၊ ဇန်နဝါရီ ၆
ရခိုင်ပြည်နယ်အတွင်းက ဆောင်းသီးနှံစိုက်ပျိုးသည့်တောင်သူများမှာ စိုက်ပျိုးစရိတ်ကုန်ကျမှုမြင့်မားခဲ့သဖြင့် ယခုနှစ်စိုက်ပျိုးရာသီတွင် အရှုံးပေါ်ခဲ့ကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြင့်တက်လာခဲ့သော စိုက်ပျိုးရေးလုပ်ငန်းသုံး မြေဆီမြေသြဇာဈေးနှုန်းကြောင့် တောင်သူများမှာ စိုက်ပျိုးရေးကုန်ကျစရိတ်နှင့် ဝင်ငွေမကာမိဘဲ အရှုံးပေါ်ခဲ့ခြင်းဖြစ်သည်။
စိုက်ပျိုးမြေများတွင် ယခင်ကဲ့သို့ မြေဆီမြေသြဇာကို လုံလောက်စွာမသုံးစွဲနိုင်ခြင်းကြောင့်လည်း သီးနှံအထွက်နှုန်းမှာ ကျဆင်းခဲ့သည်ဟု မောင်တောမြို့နယ် သာယာကုန်းကျေးရွာမှ တောင်သူ ကိုလှရွှေမောင်ကပြောသည်။
ယခင်နှစ်များက ခရမ်းသီးစိုက်ခင်းမှ တစ်ဝက်ကျော်နီးပါးအမြတ်ရခဲ့သော်လည်း ယနှစ်တွင် တဝက်ကျော်နီးပါး အရှုံးပေါ်ခဲ့ကြောင်းလည်း ၎င်းကပြောသည်။
အလားတူ ပိုးသတ်ဆေးဘူးငယ်တစ်ဘူးကို ယခင်က ငွေ ၁၅၀၀ ကျပ်သာရှိသော်လည်း လက်ရှိမှာ ၄၀၀၀ ကျပ်ပေးဝယ်နေရကြောင်း တောင်ယာလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
“အရင်က ဓာတ်မြေသြဇာတစ်အိတ်ကို ကျပ်သုံးသောင်းဝန်းကျင်ပဲရှိတယ်။ အခုဆို တစ်အိတ်ကို ရှစ်သောင်းကျော်၊ ကိုးသောင်းနီးပါးရှိနေပြီ”ဟု မောင်တောမြို့နယ် သာယာကုန်းကျေးရွာမှ ပန်းစိုက်ပျိုးသူ ဦးစောရွှေမောင်က DMG သို့ပြောသည်။
“ဓာတ်မြေသြဇာတွေက နှစ်ဆကျော်လောက်ဈေးတက်သွားတယ်။ ဈေးတက်သွားတော့ သီးနှံစိုက်တဲ့အခါအခက်အခဲတွေရှိတာပေါ့။ ကျွန်တော်မှာက သစ္စာပန်းနဲ့ မြေမြို့ပန်းစိုက်တာ။ အခုက ပန်းတွေလည်းဈေးမရတော့ အရှုံးပေါ်တယ်”ဟု ၎င်းကဆိုသည်။
စိုက်ပျိုးရေးလုပ်ငန်းခွင်တွင်အသုံးပြုသည့် ပစ္စည်းနှင့် အလုပ်သမားခဈေးနှုန်းများ မြင့်တက်လာသလို စိုက်ပျိုးမည့်မျိုးစေ့ဈေးနှုန်းမှာလည်း ယခင်ထက်ပိုမိုဈေးနှုန်းမြင့်လာကြောင်း တောင်သူများကပြောသည်။
“ဈေးတွေ အကုန်တက်လာတော့ စိုက်ပျိုးမြေကို အရင်လိုမပြုစု မပျိုးထောင်နိုင်တော့ဘူး။ အဲဒီတော့ သီးနှံအထွက်နှုန်းကလည်း နည်းလာတယ်။ ရခိုင်ပြည်က ဆောင်းသီးနှံတွေက ပြည်တွင်းမှာပဲရောင်းနေရတာပါ။ ပြည်မဘက်ကိုမပို့ဖြစ်ကြဘူး”ဟု ဆောင်းသီးနှံစိုက်ပျိုးနေသူ ဒေါ်မဲမစိန်ကရှင်းပြသည်။
လက်ရှိမှာ ဟင်းသီးဟင်းရွက်ဈေးနှုန်းများကို ယခင်ကထက်ဈေးပိုပြီး တောင်သူများထံမှဝယ်ယူကာ စားသုံးသူများထံရောင်းချနေရကြောင်း ဈေးရောင်းနေသူ မခင်ညွန့်ကဆိုသည်။
ယခုနှစ်တွင် စိုက်ပျိုးရေးတောင်သူများမှာ ကုန်ကျစရိတ်များပြားခြဲ့ပြီး သီးနှံအထွက်နှုန်းလည်းမကောင်းသဖြင့် ထွက်ရှိလာသည့်သီးနှံများမှာ ယခင်နှစ်ထက် ဈေးမြင့်ကာ စားသုံးသူများ ဝယ်ယူစားသုံးနေကြရသည်။