- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် ရခိုင်သို့ ဝင်ရောက်နိုင်
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အတူ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ဝင်ရောက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
23 Oct 2022
DMG ၊ အောက်တိုဘာ ၂၃
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အတူ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ဝင်ရောက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
အဆိုပါမုန်တိုင်းငယ်မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီး အရှေ့မြောက်ဘက်သို့ ရွှေ့လျားလျက်ရှိသည်။ လက်ရှိခန်းမှန်းချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားရေးဦးစီးဌာမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက DMG သို့ပြောသည်။
“မုန်တိုင်းက ဖြစ်နေတာ။ အခုတော့ ရခိုင်ဖက်ကိုတော့ မရောက်သေးဘူးပေါ့။ အခုလက်ရှိမှာ အားကောင်းတဲ့ မုန်တိုင်းဖြစ်နေတယ်။ ညပိုင်းလောက်ဆိုရင်တော့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်တယ်။ အခုက အရှေ့မြောက်ဘက်ကို ရွှေ့နေတယ်ဆိုတော့ လက်ရှိခန်းမှန်းတာ ဘင်္ဂလားဒေ့ရှ်ဖက်ကိုဝင်နိုင်တယ်။ အဲဒီတော့ ရခိုင်ဖက်ကတော့ သတိထားရမယ်။ အကြမ်းအားဖြင့် ဘင်္ဂလားဒေ့ရှ်အရှေ့ဖက်ကို နည်းနည်းယိုင်တော့ ရခိုင်မြောက်ပိုင်းနဲ့ကပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ဖက်ကို ဝင်မှာပေါ့”ဟု ၎င်းကဆိုသည်။
ထိုသို့ ရခိုင်မြောက်ပိုင်းသို့ ဝင်ရောက်လာနိုင်သည့်အတွက် ကမ်းရိုးတန်း ကမ်းနီးကမ်းဝေးရှိ ပင်လယ်ပြင်ထွက်နေသည့် ငါးဖမ်းလှေများ၊ စက်လှေများနှင့် သင်္ဘောများမှာ သတိထားရန်လိုအပ်ကြောင်း ဦးလှထွန်းက ဆက်ပြောသည်။
“မုန်တိုင်းတိုက်ရင်တော့ အဓိက သက်ရောက်မှုများနိုင်တာက ရခိုင်မြောက်ပိုင်း၊ နောက်ပြီးတော့ မုန်တိုင်းရှိရင်တော့ ပင်လယ်ပြင်က မိုးသက်လေပြင်းကျပြီးတော့ လှိုင်းတွေထန်တာရှိမယ်။ နောက်ရခိုင်ကမ်းရိုးတန်း တလျှောက်မှာလည်း ကမ်းနီး၊ကမ်းဝေး လေပြင်းတိုက်တာတွေရှိမယ်။ ရခိုင်မြောက်ပိုင်းမှာတော့ မိုးများနိုင်တယ်။ အဲတော့ ပြည်သူတွေကတော့ ပင်လယ်ပြင်ထွက်နေတဲ့ ကမ်းနီး၊ကမ်းဝေးငါးဖမ်းလှေတွေ၊ လှေငယ်တွေ သတိထားဖို့လိုမယ်။ ကမ်းရိုးတန်းသွားမယ့် သင်္ဘောတွေ သတိထားဖို့လိုမယ်”ဟု ၎င်းကဆိုသည်။
အောက်တိုဘာလ ၂၄ ရက်နေ့ ညနေပိုင်းအချိန်မှစတင်ကာ အဆိုပါမုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေရှိသောကြောင့် အောက်တိုဘာလ ၂၄ ရက်နေ့မှစတင်ကာ ၂၆ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခြင်း၊ ရေကြီးရေလျှံခြင်းနှင့် တောင်ပြို မြေပြိုခြင်းများဖြစ်နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ မိုးလေဝသအခြေအနေလေ့လာသူ ဦးဝင်းနိုင်က ခန့်မှန်းပြောဆိုသည်။
“၂၄ ရက်နေ့ ညပိုင်းကစပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မယ့် အခြေအနေကြောင့် ၂၄ ရက် မနက်ပိုင်းကစပြီး မိုးသည်းထန်တာနဲ့ လေပြင်းတိုက်တာတွေ စဖြစ်လာနိုင်တာ။ ၂၆ ရက်နေ့ မနက်အစောပိုင်းအထိ ဖြစ်နိုင်ပါတယ်”ဟု ၎င်းကပြောသည်။
အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် လေပြင်း တစ်နာရီလျှင် မိုင်(၅၀)ကျော်အထိ တိုက်ခတ်နိုင်ပြီး အောက်တိုဘာလ (၂၄)ရက်နေ့မှ (၂၅)ရက်နေ့အထိ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေ၊ ဖရုံကာကျွန်း၊ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်များတွင် စံချိန်တင်မိုးရွာချိန် (၃)လက်မမှ (၅)လက်မကျော်အထိ ရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းပြောဆိုကြသည်။
ထိုမုန်တိုင်းငယ်ကို လက်ရှိတွင် အဝါရောင်အဆင့် သတ်မှတ်ထားပြီး မုန်တိုင်းအရှိန်ကြောင့် အထက်ပါဒေသများတွင် ရေကြီးရေလျှံခြင်း၊ တောင်ပြိုမြေပြိုခြင်းနှင့် လေပြင်းတိုက်ခတ်သည့် ဘေးအန္တရာယ်များ ရှိလာနိုင်သောကြောင့် အောက်တိုဘာလ (၂၄)ရက်နေ့နှင့် (၂၅)ရက်နေ့မတိုင်မီ ကြိုတင်ပြင်ဆင်မှုများ အချိန်မီဆောင်ရွက်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားဦးစီးဌာနမှ တာဝန်ရှိသူများက ပြောဆိုထားသည်။