တောင်ကုတ်က ကျေးရွာနှစ်ရွာတွင် ဆားငံရေ ဝင်ရောက်ခြင်းကြောင့် လယ်မြေများ ပျက်စီးနေဟုဆို

တောင်ကုတ်မြို့နယ် ပန်းတင်းကျွန်းမှ အမော်ကျေးရွာ နှင့် ကံပိန်ကျေးရွာတို့မှာ ဆားငံရေ ဝင်ရောက်သည့် အတွက် ကျေးရွာသားများ ပိုင်သည့် လယ် ဧက ၈၀ နီးပါး ပျက်စီးခြင်းကို ကြုံတွေ့နေရကြောင်း ရွာသားများက ပြောဆိုနေကြသည်။

10 Jul 2022

အမော်ကျေးရွာ အတွင်း ဆားငံရေ ဝင်ရောက်ခြင်း မြင်တွေ့ရစဉ်/ ဓာတ်ပုံ - CJ

DMG ၊ ဇူလိုင် ၁၀

တောင်ကုတ်မြို့နယ် ပန်းတင်းကျွန်းမှ အမော်ကျေးရွာ နှင့် ကံပိန်ကျေးရွာတို့မှာ ဆားငံရေ ဝင်ရောက်သည့် အတွက် ကျေးရွာသားများ ပိုင်သည့် လယ် ဧက ၈၀ နီးပါး ပျက်စီးခြင်းကို ကြုံတွေ့နေရကြောင်း ရွာသားများက ပြောဆိုနေကြသည်။

ယခုကဲ့သို့ လယ်မြေများပျက်စီးရခြင်းမှာ ကျေးရွာအနီးက ပုဇွန်ကန်ဆည်ထားသဖြင့် ရေစီးရေလာ မကောင်းသည့်အတွက် လယ်ကွင်းများတွင် ရေဝပ်ကာ ဆားငံရေဝင်ရေက်ခြင်းကြောင့် ဖြစ်သည်ဟု ကံပိန်ကျေးရွာသား ဦးကျန်နိုင် ကပြောသည်။

“အရင်တုန်းက ရေတက်ပေမဲ့ အခုတက် အခုကျတယ်။ အခုက ပုဇွန်ကန် ဆည်ထားတဲ့အခါ ရေသွားလမ်း ကြောင်း မရှိတဲ့အတွက် ရေက မဆင်းဘဲ အိုင်ခံနေတယ် ” ဟု သူက ပြောသည်။

ယခုကဲ့သို့ ဆားငံရေဝင်ရောက်မှုကြောင့် ကံပိန်ကျေးရွာတွင် လယ်ယာမြေ ဧက ၂၀ နီးပါးခန့်ရှိနေပြီး ကျေးရွာအနီး ပုဇွန်ကန် ဆည်ခြင်းကို တားမြစ်ရန် အပ်ကြောင်း နောက်ထပ် ကံပိန်ကျေးရွာသား တစ်ဦးဖြစ်သူ ကိုစိုးမင်းထွေးက ပြောသည်။

“အခု ကွင်းထဲက ရေတွေကို ဆားငံရေ ဝင်တာကြောင့် သောက်သုံးလို့ မရဘူး ငံနေကြတယ် လယ်တွေလည်း လုပ်စားလို့ မရ။ ဒီပုဇွန်ကန် မဆည်မှသာ ဒီရေနစ်မြုပ်ခြင်းနဲ့ ကင်းဝေးမှာ ဖြစ်တယ် ” သူက ပြောဆိုသည်။

အဆိုပါ ပုဇွန်ကန်မှာ ယင်းကျေးရွာမှ ဦးအောင်ဗလဆိုသူ ပိုင်ဆိုင်ခြင်း ဖြစ်ပြီး ရေနစ်မြုပ်ခြင်း ကိစ္စ နှင့် ပတ်သက်ပြီး ၎င်းအား ရွာသားများ သွားရောက်ပြော ဆိုသော်လည်း တစ်စုံတစ်ရာ လုပ်ပေးခြင်း မရှိကြောင်း ဒေသခံများ ကဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဦးအောင်ဗလ ဆိုသူအား DMG က ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရသေးပါ။

ထို့အတူ အမော်ကျေးရွာတွင်လည်း ကျေးရွာအနီး ပုဇွန်ကန် ဆည်ထားခြင်းကြောင့် လယ်မြေ ဧက ၆၀ ခန့် မှာ ဆားငံရေ ဝင်ရောက်ကာ လယ်မြေများ ပျက်စီးမှုဖြစ်ပွားနေကြောင်းဒေသခံများက ဆိုသည်။

လက်ရှိလယ်ယာမြေများပျက်စီနေခြင်းကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အနေဖြင့် တောင်ကုတ်မြို့နယ်အု ပ်ချုပ်ရေးမှူးထံ တင်ပြထားသဖြင့် စီစစ်ရေး အဖွဲ့များ ဖွဲ့ကာ ကွင်းဆင်းစစ်ဆေးရန် လုပ်ဆောင် နေကြောင်း အမော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဟန်ရွှေက ပြောသည်။

“ကျနော်တို့ ရွာမှာလည်း ပုဇွန်ကန်တွေ ဆည်ထားလို့ လယ်မြေတွေ ရေနစ်မြုပ်ဒဏ် ခံနေကြရတယ်။ ဒါတွေကို တောင်သူတွေက ပုဇွန်ကန် သမားတွေကို လယ်မြေ ရေမနစ်မြုပ်အောင် လုပ်ပေးဖို့ တင်ပြလာလို့ ပုဇွန်ကန်ပိုင်ရှင်တွေကို ခေါ်လိုက်တဲ့အခါ ပုဇွန်ကန်ပိုင်ရှင်တွေက မရောက်ကြဘူး။ အခု အထွေထွေ အုပ်ချုပ်ရေးရုံးကို တင်ပြထားလို့ စီစစ်ရေး အဖွဲ့တွေ လွှတ်ထားတယ်။ လောလော ဆယ်တော့ လာရောက် စစ်ဆေးတာ မရှိသေးဘူး ” ဟု ဦးဟန်ရွှေက ဆိုသည်။

အမော်ကျေးရွာအတွင်း ရှိသော ပုဇွန်ကန် ၃ ကန်မှာလည်း ယင်းကျေးရွာ အတွင်းမှ ဒေသခံ ၃ ဦးပိုင်ဆိုင်သည့် ပုဇွန်ကန်များ ဖြစ်ကြောင်း သူကဆက်လက်ပြောဆိုသည်။

အမော်ကျေးရွာအတွင်း ယခုကဲ့သို့ ဆားငံရေ ဝင်ရောက်ခြင်းဖြစ်နေသည်မှာ ၃ နှစ်ကြာအထိ ရှိနေပြီ ကံပိန်ကျေးရွာတွင်လည်း ယခု နှစ်အတွင်း ဆားငံရေ စတင်ဝင်ရောက်သည့်အတွက် လယ်မြေ များကို ပျက်စီးခြင်း မဖြစ်အောင် အစိုးရအနေဖြင့် အမြန်ဆောင်ရွှက်ပေးစေလိုကြောင်း တောင်းဆိုကြသည်။