- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လုံခြုံမှုအာမခံချက်ပေးနိုင်မှ တင်းမကျေးရွာသားများကို နေရပ်ပြန်ခွင့်ပြုမည်ဟု ပြည်နယ်စစ်ကောင်စီပြော
နေရပ်ပြန်နိုင်ရေးအတွက် အကြိမ်ကြိမ်တောင်းဆိုထားသည့် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် တင်းမကျေးရွာသားများကို လုံခြုံမှု အာမခံချက်ပေးနိုင်သည့်အနေအထားရောက်မှ နေရပ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။
16 Nov 2021
DMG ၊ နိုဝင်ဘာ ၁၆
နေရပ်ပြန်နိုင်ရေးအတွက် အကြိမ်ကြိမ်တောင်းဆိုထားသည့် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် တင်းမကျေးရွာသားများကို လုံခြုံမှု အာမခံချက်ပေးနိုင်သည့်အနေအထားရောက်မှ နေရပ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။
လက်ရှိတင်းမကျေးရွာသားများ နေရပ်ပြန်မည်ဆိုပါက ရွာသားများအတွက် လုံခြုံမှုအပိုင်းတွင် အပြည့်အဝအာမခံချက်ပေးနိုင်သည့်အနေအထားမျိုးမရှိသေးကြောင်း ဦးလှသိန်းကဆိုသည်။
“ပြန်ပို့လိုက်ပြီးတော့မှ မလုံမခြုံဘဲ နောက်တစ်ခါအခက်အခဲဖြစ်ရင် တာဝန်ယူစီမံတဲ့အဖွဲ့ကပဲ တိတိကျကျလုပ်ပေးမှုအားနည်းတယ်ဖြစ်မှာစိုးလို့ မပို့ဖြစ်သေးတာဖြစ်တယ်။ ဒါပေမဲ့ မပို့တော့ဘူးလို့မဟုတ်ဘူး။ ဘယ်အချိန်မှာပို့မလဲ။ ပို့ဖို့အတွက် မိုင်းရှင်းလင်းရမယ့်ကိစ္စတွေရှိတယ်ဆိုတေ့ာ ပို့နိုင်တဲ့အခါမှပဲ ပို့မယ်ဆိုတဲ့အနေအထားမျိုးရှိပါတယ်”ဟု ၎င်းကပြောသည်။
တင်းမကျေးရွာသားများအနေဖြင့် နေရပ်ပြန်ခွင့်ရရှိရေးအတွက် ပြည်နယ်စစ်ကောင်စီနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့ထံ သုံးကြိမ်တိုင် တင်ပြတောင်းဆိုခဲ့သည်။
သို့သော်ထူးခြားမှုမရှိသဖြင့် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ နိုဝင်ဘာလ ၁ ရက်နေ့က စာပို့တောင်းဆိုခဲ့ကြသည်။ ထိုသို့တောင်းဆိုထားသော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာထူးခြားမှုမရှိသေးကြောင်း သိရသည်။
ပြည်နယ်စစ်ကောင်စီအနေဖြင့် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက်ဆောင်ရွက်ပေးမည်ဆိုလျှင် အမြန်ဆုံးကူညီဆောင်ရွက်ပေးရန်လိုကြောင်း တင်းမကျေးရွာမှ ဆရာတော် အရှင်ဝါယမိန္ဒက မိန့်ကြားသည်။
“ဒေသတည်ငြိမ်နေတဲ့အချိန်မှာ နေရပ်ပြန်နိုင်ရေးအတွက် တောင်းဆိုကြတာဖြစ်ပါတယ်။ အခုက တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ တပ်နဲ့ AA နှစ်ဦးနှစ်ဖက်ညှိနှိုင်းလို့ရှိရင် အကုန်လုံးပြေလည်သွားမယ့် ကိစ္စတွေဖြစ်တယ်။ ပြီးရင်စစ်ဘေးရှောင်ရွာသားတွေရဲ့ လိုအပ်ချက်တွေကိုတောင်းဆိုတာဖြစ်တယ်။ ရွာသားတွေလုပ်ကိုင်စားသောက်ဖို့အတွက် မိုင်းရှင်းလင်းပေးလိုက်၊ ကူညီပေးလိုက် နေရာထိုင်ခင်းတွေချပေးလိုက်ရင်အဆင်ပြေပါတယ်” ဟု ဆရာတော်ကမိန့်သည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လက မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် တင်းမကျေးရွာသားများသည် နေရပ်ကိုစွန့်ခွာကာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိတွင် နီးစပ်ရာစစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသည်။
စစ်ဘေးဒုက္ခသည်စခန်းများတွင် ကာလရှည်ကြာစွာနေထိုင်ပြီး စားဝတ်နေရေးအခက်အခဲများနှင့်ကြုံတွေ့နေရသည့်အတွက် မိမိနေရပ်တွင် လုပ်ကိုင်စားသောက်နိုင်ရန် တင်းမကျေးရွာမှ စစ်ဘေးရှောင် ဦးမောင်ထွန်းညွှန့်ကပြောသည်။
“ဒုက္ခသည်စခန်းမှာ ကာလရှည်စွာနေထိုင်ရတဲ့အတွက်ကြောင့် မိသားစုစားဝတ်နေရေး၊ ကလေးတွေအတွက်ကျန်းမာရေး၊ ပညာရေးတွေအတွက်လိုအပ်လာတယ်။ ငွေကြေးထောက်ပံ့မှုတွေ ဘာတစ်ခုမှမပေးနိုင်ဘူးဆိုတော့ အဆင်မပြေဘူး။ ကိုယ့်ရပ်ကိုယ့်ဒေသမှာနေပြီး လုပ်ကိုင်စားသောက်မယ်ဆိုရင် ပညာရေး၊ လူမှုရေးအတွက် အကုန်လုံးအဆင်ပြေမယ်” ဟု ၎င်းကပြောသည်။
တင်းမကျေးရွာသားများသည် နေရပ်ကိုစွန့်ခွာလာခဲ့သည်မှာ (၂)နှစ်ခန့် ကြာမြင့်လာနေပြီဖြစ်သည်။ တင်းမကျေးရွာတွင် အိမ်ခြေ ၇၀၀ ခန့်ရှိပြီး လူဦးရေ ၄၀၀၀ ကျော်နေထိုင်သည့် ကျေးရွာဖြစ်သည်။
တင်းမကျေးရွာသားများထွက်ပြေးနေချိန်တွင် ရွာအတွင်းမှနေအိမ်များ မီးရှို့ခံခဲ့ရပြီး လူမနေထိုင်ဘဲကြာမြင့်လာသည့်အတွက် တင်းမကျေးရွာမှ အိမ်ခြေ ၁၃၂ ဆောင်နှင့် ဘုန်းတော်ကြီးကျောင်းတို့မှာ ပျက်စီးယိုယွင်းမှုများရှိနေကြောင်း ယခုနှစ်မတ်လက ကျေးရွာသို့ သွားရောက်ကြည့်ရှုခဲ့သည့် ရွာသားများကပြောသည်။
ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ ၂ နှစ်တာကာလအတွင်း ကျေးရွာပေါင်း ၄၀ ကျော်နှင့် နေအိမ် ၁၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း အရပ်ဖက်အဖွဲ့အစည်းများမှ ကောက်ယူထားသည့် စာရင်းအရသိရသည်။