- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မိုင်းနင်းမိ၍ ခြေထောက်ဖြတ်လိုက်ရသည့် စစ်ဘေးရှောင်တစ်ဦး ဆေးကုသရန် အကူညီလိုအပ်နေ
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း နေထိုင်ရာကျေးရွာနီး တောင်ပေါ်တွင် ဟင်းရှာသွား၍ အပြန်အတွင် မိုင်းနင်းမိကာ ယာဘက်ခြေထောက်ကို ဖြတ်လိုက်ရပြီး ယာဘက်မျက်စိတွင်လည်း ဒဏ်ရာများရှိခဲ့သည်။
30 Jan 2023
ဆေးကုသရန် အကူအညီလိုအပ်နေသော ဦးဘရွှေ
DMG ၊ ဇန်နဝါရီ ၃၀
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ချောင်းတူအုပ်စု၊ ကွမ်းအုံစုကျေးရွာမှ မိုင်းနင်းမိပြီး ခြေထောက်ဖြတ်လိုက်ရသည့် စစ်ဘေးရှောင်တစ်ဦးသည် ဆေးကုသရန်အတွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။
၎င်းမှာ အသက် ၄၁ နှစ်အရွယ် ဦးဘရွှေဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း နေထိုင်ရာကျေးရွာနီး တောင်ပေါ်တွင် ဟင်းရှာသွား၍ အပြန်အတွင် မိုင်းနင်းမိကာ ယာဘက်ခြေထောက်ကို ဖြတ်လိုက်ရပြီး ယာဘက်မျက်စိတွင်လည်း ဒဏ်ရာများရှိခဲ့သည်။ ယင်းနောက်ပိုင်းတွင်လည်း ကျေးရွာအနီးသို့ လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် ဦးဘရွှေမှာ ရွာသားအချို့နှင့်အတူ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်စစ်ဘေးရှောင်စခန်းသို့ သွားရောက်ခိုလှုံခဲ့သည်။
လက်ရှိတွင် မိုင်းနင်းမိ၍ ဖြတ်လိုက်ရသည့် ခြေထောက်ဒဏ်ရာသည် အခြေအနေဆိုးလာသည့်အတွက် ဆေးကုသမှုပြုလုပ်ရန် လိုအပ်နေကြောင်း သိရသည်။
“ပြီးခဲ့တဲ့ လခွဲလောက်က ခြေတုမစွပ်ဘဲ ဂျိုင်းထောက်နဲ့သွားပြီး မျက်နှာသွားသစ်တာမှာ ဂျိုင်းထောက်က ပြုတ်ကျပြီးတော့ ခြေက သမံတလင်းပြင်နဲ့ တိုက်မိသွားတယ်။ အဲတုန်းက နာသွားတာ။ အခုပြည်တည်နေတယ်။ ခြေစွပ်,စွပ်ရင်လည်း နာတယ်။ လမ်းလည်း မလျှောက်နိုင်ဘူး။ ကျနော်က ပိုးတွေဝင်မှာကို စိုးရိမ်တာ။ ဖြစ်တာက လခွဲလောက်ရှိပြီ။ ငွေကြေးမရှိတာကြောင့် ဆေးခန်းမသွားရသေးဘူး။ အနာက တစ်ရက်ထက်တစ်ရက် ပိုဆိုးလာတယ်” ဟု ဦးဘရွှေက ပြောဆိုသည်။
ဦးဘရွှေမှာ အလုပ်အကိုင်လည်းမရှိ၍ လက်ရှိတွင် စစ်ဘေးရှောင်စခန်း၌ ခက်ခဲကြမ်းတမ်းစွာ ရပ်တည်နေရသည်။ ထို့အပြင် မိုင်းစထိမှန်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ညာဘက်မျက်စိမှာလည်း ကွယ်လုနီးပါးဖြစ်နေကြောင်း ၎င်းကပြောသည်။
“မိုင်းစထိသွားတဲ့ အချိန်ကနေ မျက်စိကို ဆေးထည့်ရင်းထည့်ရင်း မျက်လုံးက မြုံပြီး အဖြူရောင်သန်းလာတယ်။ ကျနော်က ခြေထောက်ကို သိပ်အလေးမထားတော့ဘူး။ မျက်လုံးတစ်ခုပဲ။ မျက်လုံးက လုံးဝမမြင်ရတော့ သိပ်အခက်အခဲဖြစ်တယ်။ ကျနော်မှာ စစ်ဘေးရှောင်စခန်းမှာ နေနေရတာဆိုတော့ မီးလည်းမရှိနဲ့ နေဝင်ရင် စမ်းပြီး သွားနေရတယ်။ အိမ်သာတွေက အဝေးကြီးမှာ။ ကျနော် မျက်လုံးကိုဆေးကုသချင်တယ်” ဟု ဦးဘရွှေက ဆက်လက် ပြောဆိုသည်။
ဦးဘရွှေမှာ မိန်းမနှင့် သားသမီး ၅ ဦးရှိပြီး ၁၇ နှစ်အရွယ် သမီးတစ်ဦး၊ ၁၅ နှစ်အရွယ်သမီးတစ်ဦး၊ ၅ နှစ်အရွယ်သားတစ်ဦး၊ ၂ နှစ်အရွယ်သားတစ်ဦးနှင့် ၁၀ လအရွယ် သားတစ်ဦး ရှိသည်။
“ကလေးတွေကတော့ ကျောင်းတက်အရွယ်လောက်ပဲ ရှိပါသေးတယ်။ အချက်အပြုတ် လုပ်ပေးမယ့်သူမရှိတော့ ကလေးတွေကို ကျောင်းကနေ ခဏနားပြီး အချက်အပြုတ် လုပ်ခိုင်းထားရတယ်။ စာမေးပွဲဖြေရမယ့်အချိန်မှ စာမေးပွဲဖြေခိုင်းရတော့မယ်။ ကျနော်က မျက်စိလည်း သိပ်မမြင်ရဘူး။ အလုပ်အကိုင်လည်း မရှိဘူး။ ဇနီးကလည်း ကလေးထိန်းနေရတယ်” ဟု ဦးဘရွှေက ပြောသည်။
(ဆေးကုသရန် အရေးပေါ်လိုအပ်နေသာ ဦးဘရွှေအား အကူအညီပေးမည်ဆိုပါက ဖုန်းနံပါတ် 09 262 151 421 သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။)
ရခိုင်တွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်းမှစတင်ပြီး မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကာ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် နှစ်ဖက်နားလည်မှုဖြင့် အပစ်ရပ်စဲခဲ့သည်။ လက်ရှိတွင် တိုက်ပွဲရပ်တန့်နေသည်မှာ ၂ လကျော်အထိ ကြာမြင့်လာပြီဖြစ်သည်။
တိုက်ပွဲရပ်တန့်ခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့နောက်ပိုင်းမှ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရရှိသူ ၅ ဦး ရှိခဲ့သည်။
DMG ၏ မှတ်တမ်းနှင့်သုတေသနဌာနမှ ထုတ်ပြန်သည့် အစီရင်ခံစာအရ ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း သေဆုံးသူ ၆၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၆၂ ဦးအထိရှိခဲ့သည်။
#I001