မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်၍ အရပ်သားထိခိုက်သေဆုံးမှုအပေါ် ပြင်းထန်စွာရှုံ့ချခဲ့သည့် ANP ပါတီကို ရွေးကောက်ပွဲကော်မရှင်က ဆင့်ခေါ်

မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုများနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုတို့အပေါ် ပြင်းပြင်းထန်ထန် ရှုံ့ချကန့်ကွက်ခြင်းအပါအဝင် ရခိုင်ပြည် စစ်ရေးအခြေအနေအား စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရခိုင်အမျိုးသားပါတီ(ANP)မှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

05 Oct 2022

DMG ၊ အောက်တိုဘာ ၅

မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုများနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုတို့အပေါ် ပြင်းပြင်းထန်ထန် ရှုံ့ချကန့်ကွက်ခြင်းအပါအဝင် ရခိုင်ပြည် စစ်ရေးအခြေအနေအား ကြေညာချက်ထုတ်ပြန်မှုနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ(ANP)ကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ  ဆင့်ခေါ်ထားကြောင်း ယင်းပါတီ တာဝန်ရှိသူတို့ထံမှ သိရသည်။

ANP ပါတီမှ တာဝန်ရှိသူများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ အောက်တိုဘာလ ၁၂ ရက်နေ့တွင် လာရောက်တွေ့ဆုံရန် ယမန်နေ့(အောက်တိုဘာလ ၄ ရက်)တွင် ရွေးကောက်ပွဲကော်မရှင်(UEC)က ဖိတ်ခေါ်လာခြင်းဖြစ်သည်ဟု ANP ပါတီ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်ကပြောသည်။

“ကျနော်တို့ပါတီက အခုရခိုင်ပြည်အတွင်းမှာဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ၊ တိုက်ပွဲတွေနဲ့ ဆက်နွယ်နေတဲ့ အကျိုးဆက်တွေကြောင့် အပြစ်မဲ့ပြည်သူတွေ၊ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ သေဆုံးကြရတယ်။ ထိခိုက်ဒဏ်ရာပြင်းထန်စွာရကြတယ်။ နေအိမ်တွေပျက်ဆီးကြရတယ်။ အဲဒီလို ထပ်မဖြစ်ဖို့အတွက် ကျနော်တို့ပါတီကနေ ကြေညာချက်ထုတ်ပြန်ခဲ့တယ်။ အဲဒီလို သဘောထားထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ANP ပါတီကို့ တွေ့ဆုံဆွေးနွေးလိုတယ်။ အဲဒါကြောင့် အောက်တိုဘာလ ၁၂ ရက်နေ့မှာ လာရောက်ပြီးတွေ့ဆုံပါလို့ ဖိတ်ကြားထားတယ်”ဟု သူကပြောသည်။

စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရခိုင်အမျိုးသားပါတီ(ANP)မှ ရခိုင်ပြည်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများကို အကာအကွယ်ယူ၍ တိုက်ပွဲဖော်ဆောင်ခြင်း မပြုကြရန် လက်နက်ကိုင်အဖွဲ့အစည်းများအား အလေးအနက် မေတ္တာရပ်ခံခြင်း၊ မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုတို့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်မှ ANP ပါတီနှင့်တွေ့ဆုံရန် ဆင့်ခေါ်လာခြင်းဖြစ်သည်။

ယင်းအပြင် INGO/NGO အဖွဲ့များ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရန် သွားလာခွင့် ပိတ်ပင်ထားသည်ကိုလည်း ပြန်လည်ဖွင့်ပေးရန် တောင်းဆိုကြောင်း၊ စစ်ပွဲဧရိယာနှင့် စစ်ပွဲနှင့်မပတ်သက်သည့် နေရာများအပါအဝင် မြို့နယ်တစ်ချို့အား ကုန်းလမ်း၊ရေလမ်းများအား အကန့်အသတ်မရှိ ပိတ်ဆို့ထားမှုသည် အဆိုပါဒေသရှိ ဒေသခံပြည်သူ လူမျိုးပေါင်းစုံ၏ အသက်ရှင်နေထိုင်ရေးကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ရှုမြင်ကြောင်း ANP ပါတီမှ ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် ရွေးကောက်ပွဲကော်မရှင်နှင့်ခေါ်ယူသည့်အပေါ် သွားရောက်၊ မသွားရောက်ကို ပါတီတွင်းအစည်းအဝေးထိုင်ပြီး ဆုံးဖြတ်မည်ဟု ANP တာဝန်ရှိသူများကဆိုသည်။ ယင်းအပြင် ရွေးကောက်ပွဲကော်မရှင်မှ မည်သည့်အတွက်ကြောင့် ANP ပါတီနှင့်တွေ့ဆုံ ဆွေးနွေးလိုကြောင်းကို အတိအကျ မသိရှိရကြောင်း ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောသည်။

“ကျနော်တို့ကတော့ အမှန်တရားအပေါ်မှာမူတည်ပြီး ကျနော်တို့ရရှိတဲ့ မီဒီယာတွေက သတင်းတွေ၊ ပြည်သူတွေကတင်ပြတဲ့ အချက်အလက်တွေပေါ်မှာ မူတည်ပြီး ထုတ်ပြန်လိုက်တာဖြစ်တယ်။ အဲဒီတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဘယ်အချက်တွေကို သူတို့အနေနဲ့ မေးမြန်းချင်တယ်ဆိုတာလဲဆိုတာ အတိအကျမသိဘူး။ ဖိတ်ခေါ်တဲ့စာမှာလည်း ဖော်ပြထားတာ မရှိတဲ့အတွက် ဘယ်အချက်တွေအပေါ်မှာ သူတို့အနေနဲ့ သိရှိလိုတယ်ဆိုတာကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့မှပဲသိမယ်။ ဘာကြောင့်ခေါ်လဲဆိုတာကိုတော့ မသိရဘူး”ဟု သူကဆိုသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်စစ်ရေးပြင်းထန်စွာဖြစ်ပွားလာပြီးနောက် ယခုနှစ်သြဂုတ်လနှင့် စက်တင်ဘာလအတွင်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အရပ်သား ၆ ဦး သေဆုံးကာ ၂၅ ဦးအထိဒဏ်ရာရရှိခဲ့သည်ဟု DMG မှ စုစည်းထားသည့်သတင်းအချက်အလက်အရ သိရသည်။

ယင်းအပြင် စားနပ်ရိက္ခာများနှင့် တခြားလူသားချင်းစာနာထောက်ထားရေးအကူအညီများ ပေးအပ်နေသည့် INGO/NGO အဖွဲ့အစည်းများကို ရခိုင်ပြည်အတွင်းက မောင်တော၊ ဘူးသီးတောင်၊ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့နယ်များသို့ လုံခြုံရေးကိုအကြောင်းပြပြီး စစ်ကောင်စီမှ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ခရီးသွားလာခွင့်ပိတ်ပင်ထားသည်။

တကျော့ပြန် တိုက်ပွဲဖြစ်ပွားမှုကြောင့် သြဂုတ်လမှစတင်ကာ အိုးအိမ်စွန့်ခွာတိမ်းရှောင်ရသူ စုစုပေါင်း ၉၀၀၀ နီးပါးရှိလာကြောင်း ကုလသမဂ္ဂလူသာချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး(OCHA)က စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။