ဆရာတော်ဦးဥတ္တမနေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရန် ဆက်လက်တောင်းဆိုသွားမည်ဟုပြော

စက်တင်ဘာလ ၉ ရက်နေ့တွင်ကျရောက်သည့် ဆရာတော်ဦးဥတ္တမနေ့ကို တရားဝင်အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုချက်ကို မရရှိသရွှေ့ ဆက်လက်တောင်းဆိုသွားမည်ဟု ယနေ့ဆရာတော်၏ရုပ်ထုအား လာရောက်ပူဇော်ခဲ့သည့် ရခိုင်ပြည်သူများက ပြောဆိုသည်။

08 Sep 2021

DMG ၊ စက်တင်ဘာ ၉

စက်တင်ဘာလ ၉ ရက်နေ့တွင်ကျရောက်သည့် ဆရာတော်ဦးဥတ္တမနေ့ကို တရားဝင်အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုချက်ကို မရရှိသရွှေ့ ဆက်လက်တောင်းဆိုသွားမည်ဟု ယနေ့ဆရာတော်၏ရုပ်ထုအား လာရောက်ပူဇော်ခဲ့သည့် ရခိုင်ပြည်သူများက ပြောဆိုသည်။

စက်တင်ဘာလ ၉ ရက်နေ့ကို နိုင်ငံတော်၏ တရားဝင်ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရန် ယင်းနေ့ရောက်တိုင်းနှစ်စဉ်တောင်းဆိုသွားမည်ဖြစ်ကြောင်း ရက္ခိုင်ရဟန်းတော်များအဖွဲ့(ရန်ကုန်)၏ အထွေထွေ းအတွင်းရေးမှူး ဆရာတော်သဘာဝနဒီက မိန့်ကြားသည်။

ယင်းအပြင် ဆရာတော်ဦးဥတ္တမပန်းခြံများအားလုံးကို အစိုးရအနေဖြင့် အဆင့်မီပန်းခြံများအဖြစ်ပြုပြင်ပေးရန်၊ မြန်မာနိုင်ငံ၏ ပညာရေး ပြဋ္ဌာန်းစာအုပ်များတွင် ဆရာတော်ဦးဥတ္တမ၏ အကြောင်းများကို ပြန်လည်ထည့်သွင်းပေးရန် စသည့်အချက်များကိုလည်း တောင်းဆိုကြောင်း ဆရာတော်သဘာဝနဒီက မိန့်သည်။

“ဆရာတော်ဟာ မြန်မာနိုင်ငံအပေါ်မှာ ကျေးဇူးအများကြီးရှိတယ်။ အာရှမှာလည်း ကျေးဇူးအများကြီးရှိတယ်။ ကျေးဇူးရှင်ဆရာတော်တစ်ပါးရဲ့နေ့ရက်ကို ရုံးပိတ်ရက်အဖြစ်သတ်မှတ်တာ၊ ပညာရေးပြဋ္ဌာန်းစာအုပ်မှာ ထည့်သွင်းတာက လုံးဝလုပ်သင့်တဲ့အရာဖြစ်တယ်။ ကျေးဇူးရှိတဲ့သူကိုကျေးဇူးပြန်ဆပ်တာဖြစ်တယ်” ဟု ဆရာတော်သဘာဝနဒီက မိန့်သည်။

ဆရာတော်ဦးဥတ္တမသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာကျော်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သလို မြန်မာနိုင်ငံလွတ်လပ်ရေးရအောင် ပထမဆုံးမျိုးစေ့ချပေးခဲ့သည့် ရဟန်းတော်တစ်ပါးဖြစ်သည့်အတွက် ဆရာတော်ပျံလွန်တော်မူသည့် စက်တင်ဘာလ ၉ ရက်နေ့ကို ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရန် စစ်တွေမြို့ဒေသခံ စာရေးဆရာဗဂျီးကျော်ကလည်း တောင်းဆိုသည်။

“မြန်မာနိုင်ငံလွတ်လပ်ရေးရအောင် အဖမ်းခံပြီး လွတ်လပ်ရေးရအောင်တောင်းယူခဲ့တဲ့ ရခိုင့်အာဇာနည် ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူတဲ့ စက်တင်ဘာလ ၉ ရက်နေ့ကို ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်”ဟု ၎င်းကပြောသည်။

ယင်းအပြင် ဆရာတော်ပျံလွန်တော်မူသည့် စက်တင်ဘာ ၉ ရက်နေ့ကို အာဇာနည်နေ့အဖြစ်မသတ်မှတ်သော်လည်း တရားဝင်ရုံးပိတ်ရက်အဖြစ်သတ်မှတ်သင့်ကြောင်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံကပြောသည်။

“ဆရာတော်ဦးဥတ္တမနေ့ကို အာဇာနည်နေ့အဖြစ်သတ်မှတ်ပြီးတရားဝင်လုပ်ဆောင်သင့်တယ်။ ဘာဖြစ်လို့လဲဆိုရင် မြန်မာနိုင်ငံလွပ်လပ်ရေးရဖို့အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့သူဟာ ဆရာတော်ပဲဖြစ်တယ်။ ဒါကြောင့် စက်တင်ဘာ ၉ ရက်နေ့ရောက်တိုင်း ဦးဥတ္တမနေ့ကို အာဇာနည်နေ့အဖြစ်မသတ်မှတ်ရင်တောင် အနည်းဆုံး ရုံးပိတ်ရက်အဖြစ်တရားဝင်သတ်မှတ်ပေးသင့်တယ်လို့မြင်ပါတယ်” ဟု သူကဆိုသည်။

ယနေ့စက်တင်ဘာလ ၉ ရက်နေ့တွင်ကျရောက်သည့် (၈၂)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့တွင် ဆရာတော်အား ဂါဝရပြုပြီး ပန်းခွေများဖြင့်ပူဇော်ခြင်းကို ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အသီးသီးတို့တွင် အကျဉ်းချုပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆရာတော်ဦးဥတ္တမသည် ဗြိတိသျှနယ်ချဲ့အစိုးရလက်အောက်က မြန်မာနိုင်ငံလွတ်မြောက်ရေးအတွက် အမျိုးသားရေးစိတ်ဓာတ်ကို မျိုးစေ့ချပေးခဲ့တာကြောင့် မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်ဟု တင်စားခေါ်ဝေါ်ခံခဲ့ရသည့် ဆရာတော်တစ်ပါးဖြစ်သည်။