နီပွန်ဖောင်ဒေးရှင်းမှ ရခိုင်ရှိဒုက္ခသည်များအတွက် လှူဒါန်းမည့် ထောက်ပံ့ငွေများ မရောက်ရှိသေးဟုဆို

ဂျပန်နိုင်ငံ ၊ နီပွန်ဖောင်းဒေးရှင်းမှ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်များနှင့် မွတ်ဆလင်ဒုက္ခသည်များအတွက် လှူဒါန်းထားသည့်ထောက်ပံ့ငွေများမှာ လက်ရှိအချိန်ထိမရောက်ရှိသေးကြောင်း သိရသည်။

19 Mar 2022

DMG ၊ မတ်လ ၁၉

ဂျပန်နိုင်ငံ ၊ နီပွန်ဖောင်းဒေးရှင်းမှ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်များနှင့် မွတ်ဆလင်ဒုက္ခသည်များအတွက် လှူဒါန်းထားသည့်ထောက်ပံ့ငွေများမှာ လက်ရှိအချိန်ထိမရောက်ရှိသေးကြောင်း သိရသည်။

ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာငြိမ်းချမ်းရေးအထူးကိုယ်စားလှယ်၊ နီပွန်ဖောင်းဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက စစ်တွေမြို့သို့ရောက်ရှိလာကာ ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ၈ ဒဿမ ၅ သန်း ထောက်ပံ့ပေးမည်ဟုပြောဆိုခဲ့သည်။

သို့သော်လည်း လက်ရှိတွင် အဆိုပါထောက်ပံ့ငွေများမှာ ပြည်နယ်စစ်ကောင်စီထံသို့ မရောက်ရှိသေးကြောင်းနှင့် ယင်းကိစ္စနှင့်ပတ်သက်ပြီး ထူးခြားမှုတစ်စုံတစ်ရာမကြားရသေးကြောင်း ပြည်နယ်စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းက DMG သို့ပြောသည်။

“သူတို့ဆီက ငွေဘယ်လောက်ထောက်ပံ့မယ်။ စစ်ဘေးရှောင်တွေနဲ့ ကျေးရွာတွေမှာလိုအပ်တဲ့ ရေကန်တွေ၊ ရိက္ခာတွေ၊ စာသင်ကျောင်းတွေဆောက်လုပ်ပေးမယ် ဒီလောက်ပဲသိတယ်။ သူတို့အနေနဲ့ ဘယ်အချိန် ဘယ်နေရာမှာထောက်ပံ့ပေးမယ်ဆိုတာတော့ ကျနော်တို့ဆီလည်း အစီအမံတွေမရောက်ဘူး။ ဒေါ်လာ ၈ သန်းကျော်လှူမယ်ပေါ့၊ ဒီလောက်ပဲသိတယ်”ဟု ၎င်းက ဆိုသည်။

စစ်တွေခရီးစဉ်အတွင်း မစ္စတာဆာဆာကာဝါနှင့်တွေ့ဆုံခဲ့သည့် ရခိုင်အမျိုးသားပါတီ(ANP)သို့ ဆက်သွယ်ရာတွင် အလှူငွေနှင့်ပတ်သက်ပြီး ထူးခြားမှုမကြားရသေးကြောင်းနှင့် ယခုကဲ့သို့ ကြန့်ကြာနေခြင်းမှာ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကြောင့် ဖြစ်နိုင်သည်ဟု ဦးခိုင်ပြည်စိုးကပြောသည်။

“သူတို့ဆီကထောက်ပံ့တာတွေ ကျနော်တို့စုံစမ်းသလောက်ဆိုရင် ရခိုင်ဒုက္ခသည်တွေထံကို ဘာတစ်ခုမှမရောက်သေးဘူး”ဟု ANP ပါတီ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကလည်း ရခိုင်စစ်ဘေးရှောင်များအတွက် ဒေါ်လာ ၂ သိန်းထောက်ပံ့မည်ဟု မစ္စတာဆာဆာကာဝါက စစ်တွေခရီးစဉ်အတွင်း သတင်းထောက်များကိုပြောကြားခဲ့ဖူးသည်။ သို့ရာတွင် ယင်းထောက်ပံ့ငွေများမှာလည်း စစ်ဘေးရှောင်များလက်ထဲသို့မရောက်ရှိသေးဟု ANP ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောဆိုသည်။

“၂၀၂၀ ခုနှစ်ကတည်းက လှူဒါန်းထားတဲ့ ဒေါ်လာ ၂ သိန်းကျော်ကို ဒုက္ခသည်တွေကိုလှူဒါန်းပြီးပြီလားလို့ မေးတဲ့အခါမှာလည်း မလှူရသေးဘူးလို့ပြောခဲ့ပါတယ်။ အခုလို ကြန့်ကြာနေတာဟာ လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေနေကြောင့် သူတို့အနေနဲ့ သုံးသပ်နေကြတာလည်းဖြစ်နိုင်ပါတယ်”ဟု ၎င်းဆိုသည်။

လက်ရှိတွင် ရခိုင်ကစစ်ဘေးရှောင်များမှာ စားဝတ်နေရေးအခက်အခဲ၊ နေရာထိုင်ခင်းအခက်အခဲရှိနေပြီး နေထိုင်ရာနေရာများမှာ ယိုးပွင်းပျက်စီးနေကာ ဒုက္ခအတိခံစားနေရသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောသည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးဒုက္ခသည်ဦးရေခြောက်သောင်းကျော် ကျန်ရှိနေသေးသည်ဟု REC ၏စာရင်းအရ သိရသည်။