- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လွန်ခဲ့သည့်(၂)နှစ်ခန့်က ကျည်ထိမှန်မှုကြောင့် ခြေထောက်ဒဏ်ရာရရှိသွားသူ ကျန်းမာရေးအခြေအနေဆိုးဝါးလာ၍ ဆေးကုသရန် ငွေကြေးလိုအပ်နေ
လွန်ခဲ့သည့်(၂)နှစ်ခန့်က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စဉ်ကာလအတွင်း ကျည်ဆန်ထိမှန်မှုကြောင့် ညာဘက်ခြေထောက်တွင် ဒဏ်ရာရရှိသွားသူတစ်ဦးသည် ကျန်းမာရေးအခြေအနေ ဆိုးဝါးလာ၍ ဆေးကုသရန်လိုအပ်သဖြင့် ငွေကြေးအကူအညီများလိုအပ်နေကြောင်း သိရသည်။
12 Sep 2022
DMG ၊ စက်တင်ဘာ ၁၂
လွန်ခဲ့သည့်(၂)နှစ်ခန့်က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စဉ်ကာလအတွင်း ကျည်ဆန်ထိမှန်မှုကြောင့် ညာဘက်ခြေထောက်တွင် ဒဏ်ရာရရှိသွားသူတစ်ဦးသည် ကျန်းမာရေးအခြေအနေ ဆိုးဝါးလာ၍ ဆေးကုသရန်လိုအပ်သဖြင့် ငွေကြေးအကူအညီများလိုအပ်နေကြောင်း သိရသည်။
အမ်းမြို့နယ်၊ ရွာဟောင်းကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ဦးသိန်းမြင့်မှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလအတွင်းက ကျည်ထိမှန် ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ပြီး စစ်တွေဆေးရုံတွင် နှစ်လတာ ဆေးကုသမှုခံယူခဲ့ကာ စတီးရိုးတပ်ဆင်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားလာ၍ မြေပုံမြို့နယ်၊ကမ်းထောင်းကြီးမြို့စစ်ဘေးရှောင်စခန်းသို့ သွားရောက်ခိုလှုံခဲ့ရာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပေ။ လတ်တလောတွင် ဒဏ်ရာအခြေအနေမှာ ဆိုးဝါးလာသဖြင့် စစ်တွေဆေးရုံကြီးတွင် အရေးပေါ်ဆေးကုသမှုပြုလုပ်ရန်လိုအပ်နေကြောင်း ဦးသိန်းမြင့်က ပြောသည်။
“၂၀၂၀ ခုနှစ်ကနေ စတီးရိုးတပ်ထားတာပါ။ ကမ်းထောင်းကြီး တိုက်နယ်ဆေးရုံက ဆရာဝန်ကြီးက ကြိုးဖြေလို့ရတယ်ပြောလို့ ဖြေလိုက်တာပါ။ ကြိုးဖြေလိုက်တော့ အထဲကစတီးရိုး မြင်နေရတယ်။ အစကတော့ မပေါ်ပါဘူး။ အသားတွေလည်း ပြိုဆင်းလာပါတယ်။ ခြေထောက်လည်းနာတော့ သိပ်မသွားနိုင်ပါဘူး။ စစ်တွေဆေးရုံကြီးမှာ ဆေးကုသဖို့သွားချင်ပါတယ်။ အကူအညီတွေလိုအပ်ပါတယ်။ ကျနော်က စစ်တွေကိုလာဖို့လည်း မတတ်နိုင်လို့ပါ”ဟု ၎င်းကဆိုသည်။
စစ်ဘေးရှောင်စခန်းတွင် နေနေရသော ဦးသိန်းမြင့်မှာ အလုပ်အကိုင်လည်းမရှိသောကြောင့် ခက်ခဲကြမ်းတမ်းစွာဖြင့် ရပ်တည်နေရသည်။ လတ်တလောတွင် စစ်ဘေးရှောင်များကို ကူညီထောက်ပံ့မှုများလည်း နည်းပါးလာသောကြောင့် စားဝတ်နေရေးနှင့် ငွေရေးကြေးရေးလည်း ပိုမိုကျပ်တည်းလာကြောင်း သိရသည်။
“စစ်တွေကိုလာရင်တော့ လိုအပ်ချက်တွေကတော့ အများကြီး ရှိတော့မှာ။ သွားစရိတ်၊ ဆေးကုသစရိတ်၊ နေစရိတ်တွေက မလွယ်ပါဘူးလေ။ စစ်တွေဆေးရုံကြီးကို စတီးရိုးတပ်တုန်းက တစ်ခါ၊ နောက်ပြီး အနာမှာပိုးဝင်လို့ တစ်ခါ နှစ်ခါ အလှူရှင်တွေရဲ့ အကူအညီနဲ့ ဆေးကုသဖို့သွားဖူးပါတယ်။ အခုလည်း ဆေးကုသဖို့မတတ်နိုင်တော့ ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းမှာပဲ နေနေရပါတယ်”ဟု ၎င်းကဆက်ပြောသည်။
ဆေးကုသရန် အရေးပေါ်လိုအပ်နေသော ဦးသိန်းမြင့်ကို အကူအညီပေးအပ်လိုပါက ဖုန်းနံပါတ်- ၀၉ ၄၅၀ ၃၅၈ ၄၆၃ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။