ကျောက်ဖြူဒေသခံတစ်ဦး ရိက္ခာသယ်ယူမှုဖြင့် ထောင်ဒဏ် (၁) လ ချမှတ်ခံရ

မရမာကြီးလူမျိုး အသက် ၄၀ အရွယ် ဦးခင်မောင်ဝင်းမှာ ဩဂုတ် ၁၉ ရက်၊ ညနေပိုင်းအချိန်တွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို တုတ်တုတ်ပေါ်တင်ပြီး စေတီယျရပ်ကွက်သို့ သွားစဉ် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

By Admin 21 Aug 2024

ကျောက်ဖြူဒေသခံတစ်ဦး ရိက္ခာသယ်ယူမှုဖြင့် ထောင်ဒဏ် (၁) လ ချမှတ်ခံရ

DMG ၊ ဩဂုတ် ၂၁ 

ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်မှ သုံးဘီး(တုတ်တုတ်)မောင်းသူ အမျိုးသားတစ်ဦးကို စစ်ကောင်စီက စားနပ်ရိက္ခာသယ်ယူမှုဖြင့် ထောင်ဒဏ် (၁)လ ပြစ်ဒဏ်ချမှတ်လိုက်သည်။

မရမာကြီးလူမျိုး အသက် ၄၀ အရွယ် ဦးခင်မောင်ဝင်းမှာ ဩဂုတ် ၁၉ ရက်၊ ညနေပိုင်းအချိန်တွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို တုတ်တုတ်ပေါ်တင်ပြီး စေတီယျရပ်ကွက်သို့ သွားစဉ် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

“သူရဲ့တုတ်တုတ်မှာ ဈေးထဲက စားသောက်ကုန်တွေ၊ အသုံးဆောင်ပစ္စည်းတွေ ပါတယ်။ စေတီယျရပ်ကွက်က GTC နည်းပညာကောလိပ်နားမှာ အဖမ်းခံရတာပါ” ဟု စေတီယျရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။ 

ဦးခင်မောင်ဝင်းကို ယနေ့ ဩဂုတ်လ ၂၁ ရက်တွင် ကျောက်ဖြူမြို့နယ်တရားရုံးသို့ ပိုဆောင်ခဲ့ကာ တရားရုံးမှ ထောင်ဒဏ် (၁) လ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

“ထောင်ဒဏ် ၁ လ ချမှတ်လိုက်တယ်လို့ သိရတယ်။ အဓိကတော့ စားနပ်ရိက္ခာသယ်ယူလို့ ဖမ်းဆီးခံရတာဖြစ်သလို အဲဒီအကြောင်းပြချက်နဲ့ပဲ ထောင်ဒဏ်ချတာလို့ လောလောဆယ်မှာ အဲလိုသိရတယ်။ အသေးစိပ်ကိုတော့ ကျနော်တို့လည်း ဆက်ပြီးစုံးစမ်းနေဆဲဖြစ်ပါတယ်” ဟု ဦးခင်မောင်ဝင်းနှင့်ရင်းနှီးသူတစ်ဦးက ပြောသည်။ 

ကျောက်ဖြူမြို့နယ်တွင် စားနပ်ရိက္ခာနှင့် ဆေးဝါးအပါအဝင် အခြား လူသုံးကုန်ပစ္စည်းဟူသမျှကို မြို့ပြင်သို့ဖြစ်စေ၊ မြိုတွင်းသို့ဖြစ်စေ သယ်ယူပို့ဆောင်ခြင်းမပြုရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ စစ်ကောင်စီက တားမြစ်ထားသည်။

ထိုတားမြစ်ချက်ကို ချိုးဖောက်သည်ဟုဆိုကာ ကျောက်ဖြူမြို့နယ်မှ ဈေးသည် ၁၃၀ ထက်မနည်းကို ဖမ်းဆီးခဲ့ပြီး ယင်းအထဲမှ ၁၀ ဦးထက်မနည်းမှာ ထောင်ဒဏ် ၁ လမှ ၃ လအထိ ချမှတ်ခံခဲ့ရကြောင်း DMG က စုံစမ်းသိရှိရသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ကြား ပြင်းထန်တိုက်ပွဲများ မရှိသေးသော်လည်း စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့မှုကြောင့် ဒေသခံများမှာ စားဝတ်နေရေးကျပ်တည်းမှုအပြင် ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်ကြုံတွေ့နေရသည်။