စိုက်ပျိုးစရိတ် မြင့်တက်လာမှုကြောင့် ရခိုင်တွင် ဆောင်းသီးနှံစိုက်သူများ အခက်ကြုံနေရ

ရခိုင်ပြည်အတွင်း နေရာအနှံ့အပြား တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စိုက်ပျိုးရေးစရိတ် အဆမတန် မြင့်တက်နေမှုတို့ကြောင့် ဆောင်းသီးနှံစိုက်ပျိုးသူများမှာ အခက်အခဲများစွာဖြစ်ပေါ်နေကြောင်း တောင်သူ များထံမှ သိရသည်။

By Admin 19 Nov 2022

စိုက်ပျိုးစရိတ် မြင့်တက်လာမှုကြောင့် ရခိုင်တွင် ဆောင်းသီးနှံစိုက်သူများ အခက်ကြုံနေရ

မြောက်ဦးမြို့နယ်အတွင်းမှ ဆောင်းသီးနှံစိုက်ခင်းတစ်ခုကို ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။

DMG ၊ နိုဝင်ဘာ ၁၉

ရခိုင်ပြည်အတွင်း နေရာအနှံ့အပြား တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စိုက်ပျိုးရေးစရိတ် အဆမတန် မြင့်တက်နေမှုတို့ကြောင့် ဆောင်းသီးနှံစိုက်ပျိုးသူများမှာ အခက်အခဲများစွာဖြစ်ပေါ်နေကြောင်း တောင်သူ များထံမှ သိရသည်။

ယခင်နှစ်က စိုက်ပျိုးစရိတ်တစ်ခုတည်းသာ မြင့်တက်ခဲ့သော်လည်း ယခုနှစ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဆောင်းသီးနှံစိုက်ပျိုးရန်အတွက် တောင်သူများမှာ ပို၍ခက်ခဲလာခြင်းဟု ပြောဆိုကြသည်။

ကျောက်တော်မြို့နယ် မီးရပ်ပြင်ကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးကျော်စိန်ဝင်းက “စိုက်ပျိုးသူတွေလည်းရှိတယ်။ ဒီဘက်မှာ လက်နက်ကြီးပစ်ခတ်မှုတွေ ရှိနေတဲ့အတွက် တချို့က မစိုက်ပျိုးတော့ဘူး။ ကျနော်ကတော့ မြေဩဇာစရိတ်၊ လုပ်အားခစရိတ်တွေဈေးကြီးတဲ့အတွက် ဒီနှစ် မစိုက်လိုက်တော့ဘူး။ ကျနော့်မှာက နှစ်စဉ်မြေပဲ ၃ ဧကလောက်စိုက်ပျိုးခဲ့တာ”ဟု ပြောသည်။

ရခိုင်တွင် အဓိကစီးပွားဖြစ် စိုက်ပျိုးကြသည့် ဆောင်းသီးနှံများမှာ ခရမ်း၊ ငရုတ်၊ ပြောင်း၊ ပန်းဂေါ်ဖီထုပ်နှင့် မုံလာဥ၊ ရုံးပတီသီးများဖြစ်ကြပြီး စိုက်ပျိုးစရိတ်မြင့်တက်မှုနှင့် တိုက်ပွဲလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရမှုကြောင့် သီးနှံစိုက်ရန်အတွက် အခက်အခဲဖြစ်ပေါ်နေခြင်းဖြစ်သည်။

ထို့အပြင် ရခိုင်ပြည်တောင်ပိုင်း ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ် စသည့်မြို့နယ်များအတွင်းရှိ ကျေးရွာများတွင်လည်း မြန်မာစစ်တပ်၏ ဝင်ရောက်ဖမ်းဆီးမှုများကြောင့် စိုက်ပျိုးမြေများကို စွန့်ခွာ ထွက်ပြေးနေရမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်ဖြူမြို့နယ် မလကျွန်းကျေးရွာမှ ဦးနိုင်နိုင်ထွန်းက “စိုက်ပျိုးစရိတ်မြင့်တက်လို့ နဂိုကမှ တောင်သူတွေအခက်ကြုံနေရတဲ့ကြားထဲ တစ်ခုခုဆို ထွက်ပြေးနေရတဲ့အခါကျတော့ စီးပွားဖြစ်အောင် အရင်းအနှီးထည့်ပြီး ဘယ်သူမှ မစိုက်ချင်ကြတော့ဘူးလေ။ ပုံမှန် စိုက်ပျိုးမြေတွေကိုလျော့ပြီး တနိုင်တပိုင်လောက်ပဲ စိုက်ကြတော့တယ်”ဟု ပြောသည်။

လက်ရှိ ရခိုင်တွင် စိုက်ပျိုးရေးသုံး ပစ္စည်းစျေးနှုန်းများမှာ ယခင်နှစ် စျေးနှုန်းထက် တစ်ဆခန့် ပြန်လည်မြင့်တက်နေသလို တောင်သူများ စိုက်ပျိုးမှုလျော့နည်းလာသဖြင့် စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင်များမှာလည်း ရောင်းအားကျဆင်းသွားကြောင်း သိရသည်။

ကျောက်ဖြူမြို့ ရွှေသဇင်စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်ပိုင်ရှင် ဒေါ်ခင်စောဝင်းက “မနှစ်က ဒီလိုအချိန်မှာ အာမိုမြေဩစာရော၊ ဗွီစူပါမြေဩစာရော ၉၀၀၀၀ ဝန်းကျင်ပဲရှိပေမယ့် အခုက ၁၅၀၀၀၀ ကြားမှာ ရှိတယ်။ ပြီးတော့ ပိုးသတ်ဆေး၊ ရွက်ဖျန်းအားဆေးနဲ့ မျိုးစေ့တွေဆိုရင်လည်းပဲ မနှစ်က စျေးထက် တစ်ဆနီပါး စျေးတက်သွားတဲ့အခါကျတော့ စိုက်ပျိုးရေးပစ္စည်းဆိုင်တွေလည်း နည်းနည်းတော့ ရောင်းအားကျတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာမသိမ်းမီက တောင်သူများအသုံးများသည့် အာမို၊ ပုလဲ၊ ဗီစူပါ စသည့်မြေဩစာစျေးနှုန်းများမှာ ကျပ်နှစ်သောင်းကျော်သာရှိခဲ့ရာမှ ယမန်နှစ်က ကျပ်ရှစ်သောင်းအထက် ထိုးတက်ခဲ့ပြီး ယခုလက်ရှိတွင် ၎င်းမြေဩစာများမှာ ကျပ်တစ်သိန်းခွဲဝန်းကျင်ထိ ရှိနေသည်။

ထိုသို့ ဆောင်းသီးနှံစိုက်ပျိုးသူများ ကြုံတွေ့နေရသည့် အခက်အခဲများကြောင့် ယခုနှစ်အတွင်း ဒေသတွင်း စားနပ်ရိက္ခာလိုအပ်ချက် ရှိလာနိုင်ကြောင်းလည်း တောင်သူလယ်သမားသမဂ္ဂ ပေါက်တော မြို့နယ် တာဝန်ခံ ဦးအေးသာထွန်းကပြောသည်။

“အရင်နှစ်ကထက် ဒီနှစ်မှာ မြေဩစာတွေနဲ့ ပိုးသတ်ဆေးတွေက ပိုစျေးတက်တဲ့အပြင် ဓာတ်ဆီစျေးတွေကလည်း ထပ်တက်တော့ စိုက်ခင်းတွေကို ရေသွင်းဖို့တောင် အဆင်မပြေနိုင်ကြတော့ဘူး။ ဒီအခက်အခဲတွေကြောင့် စိုက်ပျိုးမြေတွေ အလွတ်ဖြစ်လာရသလို သီးနှံလိုအပ်ချက်တွေလည်း မြင့်မား လာနိုင်တာပေါ့”ဟု ဦးအေးသာထွန်းကပြောသည်။

ထို့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြားကုန်စျေးနှုန်းများလည်း အဆမတန် စျေးမြင့်တက် လျက်ရှိရာ ဆန်၊ ဆီ၊ ဆား စသည့်အခြေခံစားသောက်ကုန် ဈေးနှုန်းများပါ စစ်အာဏာမသိမ်းမီအချိန်ကထက် စျေးသုံးဆခန့် မြင့်တက်နေသဖြင့် ပြည်သူများမှာ အကြပ်အတည်းဖြစ်ပေါ်နေကြရသည်။