- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တိုက်ပွဲဆက်မဖြစ်ရန် ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာနေ့တွင် စစ်ဘေးရှောင်များတောင်းဆို
ယနေ့(ဇွန်လ ၂၀ ရက်နေ့)တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာနေ့တွင် စစ်ရေးပဋိပက္ခများကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များက ရခိုင်ပြည်အတွင်း တိုက်ပွဲများ ထပ်မံမ ဖြစ်ပွားကြ ရန် တောင်းဆိုလိုက်ကြသည်။
20 Jun 2022
DMG ၊ ဇွန် ၂၀
ယနေ့(ဇွန်လ ၂၀ ရက်နေ့)တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာနေ့တွင် စစ်ရေးပဋိပက္ခများကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များက ရခိုင်ပြည်အတွင်း တိုက်ပွဲများ ထပ်မံမ ဖြစ်ပွားကြ ရန် တောင်းဆိုလိုက်ကြသည်။
လက်ရှိတွင် မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် သဘောထားတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားရန် အလားအလာရှိနေသည့်ကာလတွင် စစ်ဘေးရှောင်များက သက်ဆိုင်ရာအဖွဲ့အစည်းများကို ထိုသို့တောင်းဆို လိုက်ခြင်းဖြစ်သည်။
“ကျနော်တို့မှာ ဒီတစ်ခါတိုက်ပွဲထပ်ဖြစ်လာရင် ဆက်ပြေးစရာနေရာမရှိတော့ဘူး။အခုအခြေအနေမျိုးမှာတောင် စစ်ရေးအခြေအနေမကောင်းတော့ ဘယ်နေ့ဖြစ်လာမလဲဆိုတာကို တွေးပူပြီးကြောက်လန့် နေရတယ်။ ကျနော်တို့ ဆိုရင် တိုက်ပွဲစဖြစ်ကတည်းကနေ အခုချိန်အထိ ကိုယ့်ရပ်ကိုယ့်ဒေသကို မပြန်နိုင်ဘဲ စစ်ဘေးရှောင် ဘဝနဲ့ သုံးနှစ်ကျော်နေခဲ့ရပြီ။ ကျနော်တို့အားလုံးအိမ်ပြန်ချင်နေကြတယ်။ ဒါပေမဲ့ကျနော်တို့ပြန်ခွင့် မရသေး ဘူး။ ဒီကြားထဲမှာ တိုက်ပွဲတွေ ထပ်ဖြစ်ရင် ကျနော်တို့နေရပ်ပြန်ဖို့ ဆိုတာ မဖြစ်နိုင်တော့တဲ့ အိမ်မက်တစ်ခု ဖြစ်သွား ပါပြီ။ဒါကြောင့် စစ်ဆိုတာကြီးကို ကျနော်တို့မလိုလားတော့ဘူး” ဟု ကျောက်တော်မြို့နယ်၊ညောင်ချောင်း စစ်ဘေးရှောင်စခန်းမှ ကိုကျော်လှကပြောသည်။
အလားတူ မြောက်ဦးမြို့နယ်၊ပီပင်ရင်းစစ်ဘေးရှောင်စခန်းမှ ဦးမောင်စိန်ကလည်း လက်ရှိတွင် မြန်မာစစ်တပ် ၏တပ်စခန်းအများစုမှာ စစ်ဘေးရှောင်စခန်းများ၊ကျေးရွာများနှင့်နီးကပ်သည့်နေရာများ၌ရှိနေသဖြင့် တိုက်ပွဲဖြစ်ပွားလာလျှင် ပြည်သူများလည်းထိခိုက်လာမည်ကိုစိုးရိမ်ရသဖြင့် တိုက်ပွဲများမဖော်ဆောင်ဘဲ ငြိမ်းချမ်းရေးစကားပွဲဝိုင်းပေါ်တွင်အဖြေရှာစေလိုကြောင်း ပြောသည်။
“ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ကျနော်တို့စစ်ဘေးရှောင်တွေရဲ့ခံစားချက်တွေကိုတောင်းဆိုရရင် ကျနော်တို့ စစ်ကိုမုန်းတယ်။တိုက်ပွဲဖြစ်ရင် လူသေဆုံးမှုတွေ၊ထိခိုက်ဆုံးရှုံးမှုတွေအများကြီးရှိလာမယ်။ ကျနော်တို့ စစ်ဘေးရှောင်တွေလည်း အခုထက်ပိုပြီး ဒုက္ခဖြစ်လာမယ်။ ဒါကြောင့် တစ်ဖက်နဲ့ တစ်ဖက်ကြားမှာ လိုလားနေတဲ့အချက်တွေကို ငြိမ်းချမ်းရေးစကားဝိုင်းပေါ်မှာပဲ ဆွေးနွေးစေချင်တယ်။စစ်ကောင်စီအနေနဲ့လည်း ပြည်သူလူထုတောင်းဆိုနေကြတဲ့ တောင်းဆိုချက် တွေကိုလိုက်လျောပေးစေချင်တယ်။ဒါမှ တိုက်ပွဲတွေမရှိဘဲ ပြည်သူတွေ အေးအေးချမ်းချမ်းနဲ့ နေနိုင်မှာ”ဟုဦးမောင်စိန်ကပြောသည်။
ကမ္ဘာ့ဒုက္ခသည်များနေ့ ကို နှစ်စဉ် ဇွန်လ ၂၀ ရက်နေ့တွင် အသိအမှတ်ပြုကျင်းပပေးရန်အတွက် ၂၀၀၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ဆုံးဖြတ်သတ်မှတ် ခဲ့ကြခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာများလုံလောက်မှုမရှိခြင်း၊ နေထိုင်ရေးကျပ်တည်းခြင်းနှင့် ကျန်းမာရေးနှင့်ပတ်သက်သည့်ဆေးဝါးလုံလောက်မှုမရှိခြင်းတို့ကို အလူးအလဲရင်ဆိုင်နေကြရသည်။
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများအား စစ်ကောင်စီမှ IDPအဖြစ် တရားဝင်အသိအမှတ် မပြုပေးဘဲ ယာယီကယ်ဆယ်ရေးစခန်းအဖြစ်သာ သတ်မှတ်ထားသောကြောင့် ကူညီထောက်ပံ့ပေးမှုအပိုင်းတို့တွင် လိုအပ်ချက်များ ရှိလာကာ အခက်အခဲကြုံနေရခြင်းဖြစ်သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC)မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကပြောသည်။
“ စစ်ဘေးရှောင်တွေက နှစ်နဲ့ချီပြီးကြာလာတယ်။ဒါပေမဲ့သူတို့ကိုအခုထိ IDPလို့ မသတ်မှတ်ပေးဘဲ ယာယီစစ်ဘေးရှောင်လို့ပဲသုံးကြတယ်။ တကယ်လို့ အစိုးရဖက်ကသာ သူတို့ကို IDP အဖြစ်သတ်မှတ်ပေးရင် IDP တယောက်ရဲ့ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ၊အကျိုးခံစားခွင့်တွေကို သူတို့ရကြမှာ။ဒါပေမယ့် အစိုးရနဲ့ UNဖက်က သူတို့ကို ဒုက္ခသည်အဖြစ်မသတ်မှတ်ပေးတော့ သူတို့ရဲ့ရပိုင်ခွင့်တွေကိုဆုံးရှုံးနေကြရတယ်။ အစားအသောက်ဝလင်အောင်မစားရဘူး။ နေရတဲ့အိမ်တွေကလဲ အပြိုအပျက်တွေနဲ့။ ဒီနှစ်အတွင်းမှာ စီးပွားရေးတွေမကောင်းကြတော့ ပြင်ပကအလှူရှင်တွေလည်း လာရောက်လှူဒါန်းတာတွေနည်းတော့ စစ်ဘေးရှောင်တွေပိုဒုက္ခခံရတယ်’’ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်တို့သည် နှစ်နှစ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခုနှစ်၊နိုဝင် ဘာလမှစကာ နားလည်မှုသဘောဖြင့် တိုက်ပွဲရပ်တန့်ခဲ့သည်။လက်ရှိတွင်လည်း စစ်ဘေးရှောင် လေးသောင်း နှစ်ထောင်ကျော်မှာ အခက်အခဲအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်ကြသေးပေ။