WSSV ဗိုင်းရပ်စ် ပိုးမတွေ့သည့် ရခိုင် ဂဏန်း၊ ပုဇွန်အချို့ကို ပြည်ပသို့ ပြန်လည်တင်ပို့ခွင့်ပြု

ရခိုင်ပြည်မှ White Spot Syndrome Virus (WSSV) ပိုးမတွေ့ရှိသည့် ရွှံ့ဂဏန်းနှင့် ကျောက်ပုဇွန်လုပ်ငန်းရှင် အချို့အား တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ခွင့်ပြုထားပြီဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။

20 Jun 2022

DMG ၊ ဇွန် ၂၀

ရခိုင်ပြည်မှ White Spot Syndrome Virus (WSSV) ပိုးမတွေ့ရှိသည့် ရွှံ့ဂဏန်းနှင့် ကျောက်ပုဇွန်လုပ်ငန်းရှင် အချို့အား တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ခွင့်ပြုထားပြီဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။

ရခိုင်မှ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ရွှံ့ဂဏန်းနှင့် ကျောက်ပုဇွန်များတွင် White Spot Syndrome Virus (WSSV) ပိုးတွေ့ရှိသည်ဟုဆိုကာ ပြီးခဲ့သည့် (မေလ ၂၃ ရက်နေ့မှ) စတင်ပြီး တင်ပို့ခွင့်ယာယီ ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်ရပ်ကြောင့် ရခိုင်ပြည် မြို့နယ်အသီးသီးရှိ ရွှံ့ဂဏန်းနှင့် ကျောက်ပုဇွန်များကို ရန်ကုန်ရှိ ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးမှုများပြုလုပ်နေပြီး ပိုးမတွေ့ရှိသည့် မြို့နယ်များကို ပြန်လည်တင်ပို့ခွင့်ပြုထားခြင်းဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူကဆိုသည်။

လက်ရှိတွင် Virus ပိုးမတွေ့ရှိကြောင်း ရလဒ်ထွက်ရှိလာသည့် ရွှံ့ဂဏန်းလုပ်ငန်းလုပ်ကိုင်သူ ၂၃ ဦးနှင့် ကျောက်ပုဇွန်လုပ်ငန်းလုပ်ကိုင်သူ ၁၈ ဦးတို့ကို ပြန်လည်တင်ပို့ခွင့်ပြုထားပြီဖြစ်ကြောင်းနှင့် လက်ရှိတွင်  ရန်ကုန်မှ ဓာတ်ခွဲခန်းသို့ ဓာတ်ခွဲနမူနာ ၁၀၂ ခုပို့ဆောင်ထားပြီး Virus ပိုးတွေ့ရှိသည့် မြို့နယ်ကိုမူ တင်ပို့ခွင့်ယာယီရပ်နားသွားမည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူကဆိုသည်။

“ရန်ကုန်မှာရှိတဲ့ ဓာတ်ခွဲခန်းမှာက ဒီကတစ်ခုတည်းကို စစ်နေရတာမဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ ဓာတ်ခွဲ နမူနာတွေကို စစ်နေရတဲ့အတွက် ကြန့်ကြာမှုတွေ ရှိနေရတာပေါ့။ ဟိုက ဓာတ်ခွဲအဖြေထွက်တာနဲ့ ကျွန်တော်တို့က တင်ပို့ခွင့်ကို ထုတ်ပြန်ပေးသွားမှာပါ။” ဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဦးက ပြောဆိုထားသည်။

ထို့အပြင် လုပ်ငန်းရှင်များအနေဖြင့် ကိုယ့်မြို့နယ်မှ တင်ပို့ခွင့် မရရှိသေးချိန်တွင် အခြားမြို့နယ်များမှ လှည့်ကာ တင်ပို့ခြင်း မပြုလုပ်ကြရန်နှင့် ထိုသို့ပြုလုပ်၍ ရောဂါပိုးထပ်မံတွေ့ရှိခဲ့ပါက မြန်မာနိုင်ငံမှ တရုတ်သို့ တင်ပို့နေသည့် ရွှံ့ဂဏန်းနှင့် ကျောက်ပုဇွန်များကို တရုတ်ဘက်မှ ဝယ်ယူတော့မည်မဟုတ်ကြောင်း ၎င်းက သတိပေးပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် ယခုဇွန်လမှစတင်ကာ ကျောက်ပုဇွန်များ ဖမ်းဆီးရောင်းချခြင်းကို ပိတ်ပင်ထားသော်လည်း လက်ရှိကုန်သည်များ၏ အခက်အခဲကြောင့် ကုန်လက်ကျန်များကို တင်ပို့ခွင့်ပြုသွားမည်ဖြစ်ကြောင်းကိုလည်း ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။

သို့သော် လက်ရှိတွင် တင်ပို့ခွင့်ပိတ်ခံထားရသည်မှာ တစ်လနီးပါး ကြာမြင့်လာနေပြီဖြစ်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် များစွာအခက်တွေ့နေကြရပြီး သိုလှောင်ထားသည့်ကုန်များ ပျက်စီးလာသည့်အတွက် ပြည်တွင်းတွင်သာ အရှုံးခံကာ ထုတ်ရောင်းနေကြရကြောင်း လုပ်ငန်းရှင်များကဆိုသည်။

ကျောက်ဖြူမြို့နယ်မှ ကျောက်ပုဇွန်လုပ်ငန်းလုပ်ကိုင်သူ ဦးခင်အေးမောင်က “ရခိုင်ပြည်နယ်က ရေလုပ်ငန်း ထွန်းကားတဲ့ ပြည်နယ်တစ်ခုဖြစ်တာကို ရေလုပ်ငန်းထွက်ကုန်တွေ မတင်ပို့ရတော့ အကုန်လုံး အခက်အခဲဖြစ်ကြရတာပေါ့။ မရှိမဲ့ရှိမဲ့ ဒီလုပ်ငန်းလေးတွေကိုလုပ်နေကြရတာကို ဒီအချိန်မှာဝယ်သူမရှိတော့ ဒီအလုပ်အစား အခြားအလုပ်လုပ်ဖို့ ပြည်ပကို ထွက်တဲ့လူတွေလည်း ထွက်ကုန်ကြတာပေါ့ ”ဟု ဆိုသည်။

ထို့အပြင် ရွှံ့ဂဏန်းဖမ်းသူများမှာလည်း ယခင်က ဂဏန်းတစ်ကီလိုလျှင် ၃၀၀၀ ကျပ်ခန့်အထိ ပေါက်ဈေး ရှိခဲ့သော်လည်း ယခုအခါ တစ်ကီလိုလျှင် ၁၅၀၀ ကျပ်ဖြင့်သာ ရောင်းချနေရကြောင်း ပေါက်တောမြို့နယ်မှ မဦးဆန်းမေက ပြောသည်။

“ဝယ်သူမရှိတော့ ဈေးတွေက ထက်ဝက်လောက်ကျသွားတယ်။ ဂဏန်းထောင်တဲ့သူတွေလည်း မရှိသလောက်နည်းသွားတယ်။ ဂဏန်းမထောင်တော့ပဲ အခြား ရရာရေလုပ်ငန်းတွေကိုပဲ လုပ်နေကြရတော့တယ် ” ဟု ၎င်းကဆိုသည်။

White Spot Syndrome Virus (WSSV) သည် အခွံပါရှိသော ရေငံနေသတ္တဝါများတွင် အဖြစ်များလေ့ရှိပြီး ရောဂါဖြစ်ပွားပါက အဖြူစက်များပေါ်လာခြင်း၊ ပန်းရောင်မှ နီညိုရောင်ဖြစ်ခြင်း၊ ရောဂါပြင်းထန်ပြီး မသေသေးသောပုဇွန်များတွင် အနီရောင်ပြောင်းကာ အခွံမာလာပြီး ဦးမှင်များကျိုးပဲ့လာခြင်းတို့ ဖြစ်ပေါ်တက်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ထိုရောဂါဖြစ်ပွားသည့် ရွှံ့ဂဏန်းနှင့် ကျောက်ပုဇွန်များကို သေသေချာချာချက်ပြုတ်စားသောက်ပါက လူအတွက် အန္တရာယ်မရှိနိုင်ကြောင်းကိုလည်း ပြည်နယ်ငါးလုပ်ငန်တာဝန်ရှိသူက ပြောဆိုထားသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်က ရခိုင်ပြည်မှ တရုတ်နိုင်ငံသို့ ကျောက်ပုစွန်တန်ချိန် ၁၀၀ ကျော်နှင့် ရွှံ့ကဏန်းတန်ချိန် ၄၀၀ ကျော်ခန့်တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနစာရင်းများအရ သိရသည်။