- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
သံတွဲမြို့ရှိ မီးသင်္ဂြိုဟ်စက်ရေနစ်မြုပ်နေ၍ ကိုဗစ်ဖြင့်သေဆုံးသည့် အလောင်း ၂ လောင်းကို မြပြင်ရပ်ကွက်ရှိ မီးသင်္ဂြိုဟ်စက်တွင် ပြောင်းရွှေ့သင်္ဂြိုဟ်ရန်စီစဉ်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း ရေကြီးရေလျှံနေမှုကြောင့် သံတွဲမြို့ရှိ မီးသင်္ဂြိုဟ်စက်မှာရေနစ်မြုပ်လျက်ရှိသဖြင့် ကိုဗစ်ဖြင့်သေဆုံးသူ ၂ ဦး၏အလောင်းကို မြပြင်ရပ်ကွက်မီးသင်္ဂြိုဟ်စက်တွင် သင်္ဂြိုဟ်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။
27 Jul 2021
DMG ၊ ဇူလိုင် ၂၇
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း ရေကြီးရေလျှံနေမှုကြောင့် သံတွဲမြို့ရှိ မီးသင်္ဂြိုဟ်စက်မှာရေနစ်မြုပ်လျက်ရှိသဖြင့် ကိုဗစ်ဖြင့်သေဆုံးသူ ၂ ဦး၏အလောင်းကို မြပြင်ရပ်ကွက်မီးသင်္ဂြိုဟ်စက်တွင် သင်္ဂြိုဟ်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။
ယင်းသို့ မီးသင်္ဂြိုဟ်စက်ရေနစ်မြုပ်နေမှုကြောင့် ဇူလိုင် ၂၆ ရက်နေ့ကသေဆုံးခဲ့သည့် ကိုဗစ်လူနာ ၂ ဦး၏ ရုပ်အလောင်းများကို ယနေ့နေ့လည် ၁၂ နာရီအထိ မသင်္ဂြိုဟ်နိုင်သေးကြောင်း သံတွဲမြို့ လူမှုကူညီရေးအသင်းမှ ဦးထွန်းသန့်ကျော်က ပြောသည်။
"မနေ့ကသေတဲ့ အလောင်းနှစ်လောင်းကို မသင်္ဂြိုဟ်ရသေးဘူး။ သံတွဲမြို့မီးသင်္ဂြိုဟ်စက်က ရေနစ်နေတယ်။ အခုတော့ ငပလီက မြပြင်မီးသင်္ဂြိုဟ်စက်မှာ သင်္ဂြိုဟ်ဖို့အကူအညီတောင်းထားတယ်။ တစ်ချို့က တစ်နေရာကတစ်နေရာ သယ်လာပြီး မလုပ်ကောင်းဆိုတဲ့ အယူဝါဒတွေရှိတော့ လက်မခံကြဘူးလေ။ ဒါပေမယ့် မြပြင်ကတော့ခွင့်ပြုထားတယ်" ဟု ဆိုသည်။
လက်ရှိမှာ အဆိုပါရုပ်အလောင်းနှစ်လောင်းကို လှေဖြင့်တင်ကာ သံတွဲဆေးရုံမှ ၆ မိုင်ခန့်ဝေးသည့် မြပြင်ရပ်ကွက်ရှိ မီးသင်္ဂြိုဟ်စက်သို့ ယူဆောင်သွားပြီဖြစ်ကြောင်း သိရသည်။
သံတွဲမြို့နယ်အတွင်း နေရာအများစုမှာ ရေကြီးမှုဒဏ်ကို ကြုံနေကြရပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာလည်း ရေဝင်ရောက် နေမှုကြောင့် လျှပ်စစ်မီးများကို ဖြတ်တောက်ထားရသည်။
"သံတွဲရေအမှတ်ကတော့ ဘယ်လောက်ရှိလဲဆိုရင် မိုးလေဝသက တပ်ဆင်ထားတဲ့ စိုးရိမ်ရေမှတ်ဆိုတဲ့တိုင်တွေ အကုန်မြုပ်ကုန်ပြီ" ဟု ဦးထွန်းသန့်ကျော်က ပြောသည်။
သံတွဲခရိုင်ဆေးရုံမှာလည်း ရေဝင်ရောက်မှုကြောင့် လူနာများနှင့် အောက်ဆီဂျင်အိုးများကို ပြောင်းရွှေ့ထားရကြောင်း ဆေးရုံတာဝန်ကျ ဆရာမတစ်ဦးက ပြောဆိုသည်။
အဆိုပါဆေးရုံတွင် ကိုဗစ်လူနာများလည်း ဆေးကုသမှုခံယူလျက်ရှိနေပြီး ဇူလိုင် ၂၆ ရက်နေ့စာရင်းအရ သံတွဲမြို့တွင် ကိုဗစ်အတည်ပြုလူနာ ၆၈ ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန၏စာရင်းအရ သိရသည်။
photo - Lunn Tayza