- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဝါးတောင်စစ်ဘေးရှောင်စခန်းမှ နေအိမ်များ အရေးပေါ်ပြုပြင်ရန် လိုအပ်နေ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် ဒုက္ခသည်များနေထိုင်သည့် နေအိမ်အချို့မှာ လူနေထိုင်၍မရနိုင်အောင်ထိ ပျက်စီးယိုယွင်းနေသဖြင့် အရေးပေါ်ပြန်လည် ပြုပြင်ပေးရန်လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။
05 Jan 2022
DMG ၊ ဇန်နဝါရီ ၅
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် ဒုက္ခသည်များနေထိုင်သည့် နေအိမ်အချို့မှာ လူနေထိုင်၍မရနိုင်အောင်ထိ ပျက်စီးယိုယွင်းနေသဖြင့် အရေးပေါ်ပြန်လည် ပြုပြင်ပေးရန်လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။
ထိုသို့ပျက်စီးနေသည့်နေအိမ်များကို မိမိကိုယ်ကိုပြုပြင်မည်ဆိုပါကလည်း မိုင်းအန္တရာယ်ကြောင့် ဝါးများခုတ်ရန် တောတောင်သို့မသွားရဲကြောင်း ဝါးတောင်စစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် ဦးစံလှမောင်ကပြောသည်။
“ကျွန်တော့်အိမ်က အခုဆိုအတော်ပျက်စီးနေပြီ။ မိသားစုခုနှစ်ယောက်နေဖို့အရေး ဘယ်လိုမှ အဆင်မပြေဘူး။ အိမ်ကယိုင်နဲပျက်စီးနေပြီဆိုတော့ ကလေးတွေမှာလည်းအန္တရာယ်ရှိတယ်။ ဝါးခုတ်ပြီး အိမ်ပြန်ပြင်မယ် ဆိုပေမယ့်လည်း မိုင်းအန္တရာယ်ရှိတာမို့ တောထဲဝါးသွားမခုတ်ရဲဘူး”ဟု ဦးစံလှမောင်က ဆိုသည်။
ဝါးတောင်စစ်ဘေးရှောင်စခန်းမှ ယိုယွင်းပျက်စီးနေသည့် နေအိမ်များကို သက်ဆိုင်ရာတာဝန်ရှိသူများမှ အမြန်ဆုံးပြန်လည်ပြုပြင်ပေးရန် ထိုစခန်းတွင်နေထိုင်သည့် စစ်ဘေးရှောင်များကလိုလားနေကြသည်။
တဲဝကျေးရွာမှ ဝါးတောင်စစ်ဘေးရှောင်စခန်းသို့ စစ်ဘေးရှောင်တိမ်းလာသည့် ဦးကျော်ကျော် “အိမ်က အခုဆို အမိုးအကာတွေမလုံတော့ဘူး။ ကြမ်းခင်းတွေဆိုရင်လည်း ပေါက်ပြဲနေပြီ။ အိမ်ပြုပြင်မယ့်ကုန်ကျစရိတ် ငွေကြေးကလည်း မတတ်နိုင်ဘူး။ သစ်ဝါးတွေလိုအပ်နေတယ်”ဟု ဦးကျော်ကျော်ကပြောသည်။
အဆိုပါစစ်ဘေးရှောင်စခန်းကို WFP ၊ ICRC နှင့် လူကယ်ပြန်အဖွဲ့တို့မှ လစဉ်စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေသော်လည်း လက်ရှိမှာ နေအိမ်များပြန်လည်ပြုပြင်ပေးရန် အရေးတကြီးလိုအပ်နေကြောင်း သိရသည်။
“အခုလိုအပ်နေတာက နေအိမ်တွေပြန်လည်ပြုပြင်နိုင်ဖို့ပါ။ ဆောင်းရာသီဆိုတော့ ပိုပြီးဒုက္ခတွေ့တယ်။ သက်ဆိုင်ရာဌာနကနေ အမြန်ဆုံးပြန်လည်ပြုပြင်ပေးစေချင်ပါတယ်”ဟု ဝါးတောင်းစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးနိုင်ထွန်းဝင်းက ပြောသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် ခမောင်း၊ တဲဝ၊ သိန်းချောင်း စသည့် ကျေးရွာများမှ အိမ်ထောင်စု ၁၇၀ ကျော်၊ လူဦးရေတစ်ထောင်ကျော်မှာ ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် ၂၀၁၉ ခုနှစ်မှစတင်၍ စစ်ဘေးခိုလှုံနေကြခြင်းဖြစ်သည်။
အဆိုပါဝါးတောင်စစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် စစ်ဘေးရှောင်များမှာ မိမိနေရပ်သို့ပြန်လိုကြ သော်လည်း မိုင်းအန္တရာယ်နှင့် အလုပ်အကိုင်၊ စားနပ်ရိက္ခာများအခက်အခဲကြုံရမည်စိုးသဖြင့် နေရပ်မပြန်နိုင်ကြသေးကြောင်း ပြောဆိုကြသည်။
“လက်ရှိ နေအိမ်အမိုးအကာတွေ မလုံတာကြောင့် လေဒဏ်ခံရပြီး ကျန်းမာရေးအတွက်စိုးရိမ်နေရတယ်။ တာဝန်ရှိတဲ့သူတွေအနေနဲ့ သစ်တွေ၊ ဝါးတွေကူညီပေးစေချင်တယ်။ ကိုယ့်ရွာကိုပြန်မယ်ဆိုရင်လည်း မိုင်းရှင်းပေးစေချင်တယ်။ ပြီးတော့ ကျန်းမာရေးကိစ္စ၊ ပညာရေးကိစ္စ၊ စားနပ်ရိက္ခာကအစပေါ့ ကူညီပေးစေချင်တယ်” ဟု ခမောင်းကျေးရွာမှ ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးခိုလှုံနေသည့် ဒေါ်မလှဦးကပြောသည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများရပ်တန့်နေသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်ကာ ထိုကာလအတွင်း နေရပ်ပြန်သွားကြသည့် စစ်ဘေးရှောင်များရှိသော်လည်း နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ရှစ်သောင်းကျော်အထိ ကျန်ရှိနေသေးကြောင်း သိရသည်။