- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တောင်ကုတ်မြို့နယ်မှ ကျေးရွာ ၁၀ ခန့် ရေကြီးမှုနှင့်ကြုံနေရ
တောင်ကုတ်မြို့နယ်မှ ဆားပြင်၊ ကုန်ဘောင်၊ ဆိပ်သာ၊ ဇနီ၊ အောင်မင်္ဂလာ၊ ပေါက်ပြင်၊ တောင်ပေါက်၊ ကမာ၊ စပါးထား စသည့်ကျေးရွာများတွင် သြဂုတ်လ ၆ ရက် နံနက် ၃ နာရီကျော်မှစပြီး မိုးအဆက်မပြတ်ရွာသွန်းကာ တောင်ကျချောင်းရေများ ဝင်ရောက်လာခြင်းကြောင့် လက်တောင် ၄ တောင်ကျော်အထိ ရေမြင့်တက်နေကြောင်း ဆားပြင်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးဝေသောင်းကပြောသည်။
06 Aug 2021
DMG ၊ သြဂုတ် ၆
မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေကြောင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ကျေးရွာ ၁၀ ခန့်တွင် ရေကြီးရေလျှံမှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများထံမှသိရသည်။
တောင်ကုတ်မြို့နယ်မှ ဆားပြင်၊ ကုန်ဘောင်၊ ဆိပ်သာ၊ ဇနီ၊ အောင်မင်္ဂလာ၊ ပေါက်ပြင်၊ တောင်ပေါက်၊ ကမာ၊ စပါးထား စသည့်ကျေးရွာများတွင် သြဂုတ်လ ၆ ရက် နံနက် ၃ နာရီကျော်မှစပြီး မိုးအဆက်မပြတ်ရွာသွန်းကာ တောင်ကျချောင်းရေများ ဝင်ရောက်လာခြင်းကြောင့် လက်တောင် ၄ တောင်ကျော်အထိ ရေမြင့်တက်နေကြောင်း ဆားပြင်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးဝေသောင်းကပြောသည်။
“မိုးလည်းအရမ်းကြီးတယ်။ တောင်ကျချောင်းရေလည်း အဆက်မပြတ်ဝင်လာတယ်။ အစကတည်းက ဒီရေတက်ပြီးသား ရှိနေတာဆိုတော့ ပိုပြီးတော့ရေပြည့်သွားတာပေ့ါနော်။ တစ်ရွာလုံး ပြည့်နေတာပါ။ အိမ်တွေလည်းမြုပ်တဲ့အိမ်တွေ မြုပ်နေပြီ။ ကိုယ့်အိမ်ကိုယ် လုံးပမ်းနေကြတယ်။ တစ်ယောက်ကို တစ်ယောက် သတင်းမေးဖို့ အချိန်တောင်မရှိဘူး။ မိုးကလည်း အခုချိန်ထိ မရပ်သေးဘူး။ ချောင်းရေကလည်းဝင်နေတုန်းပါ“ ဟု ၎င်းကဆိုသည်။
ယင်းကျေးရွာများတွင် လူမှုကယ်ဆယ်ရေးအဖွဲ့များလည်း မရှိသည့်အပြင် စက်လှေများလည်းမရှိသည့်အတွက် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကိုပြောင်းရွှေ့ရန် အခက်အခဲဖြစ်နေသည်ကြောင်းလည်း သိရသည်။
တောင်ပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလူချေက ရေမြင့်တက်လာနေသည့်အတွက် ကွဲျ ၊ နွား ၊ ဝက် စသည့် တိရိစ္ဆာန်များကို တောင်ပေါ်သို့တင်ထားရကြောင်း DMG သို့ ပြောကြားသည်။
“လူမှုကယ်ဆယ်ရေးတွေလည်း မရှိဘူး။ ဒီထက်ပိုပြီးတော့ ရေကြီးလာရင်တော့ စားဝတ်နေရေး၊ အသက်အန္တရာယ်စိုးရိမ်စရာ ဖြစ်လာမယ်။ တစ်နေ့လုပ် တစ်နေ့စားသူတွေဆိုရင်ပိုပြီးတော့ အခက်အခဲဖြစ်လာနိုင်တယ်“ ဟု ၎င်းကဆိုသည်။
တောင်ကုတ်မြို့နယ်မှာ မြေနိမ့်ပိုင်းဖြစ်သည့်အတွက် တောင်ကျ ချောင်းရေကြီးခြင်းကြောင့် မိုးရာသီအတွင်း နှစ်စဉ်နှစ်တိုင်းရေကြီးမှုဒဏ်ကို ခံနေရခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်နေ့ကလည်း သံတွဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စု ရ၀၀ ကျော်နှင့် လူဦးရေ ၃၀၀၀ ကျော်ခန့်မှာ ရေဘေးဒဏ်ခံစားခဲ့ကြရသည်။
အလားတူ ဇူလိုင်လကုန်ပိုင်း မိုးရွာသွန်းမှုကြောင့် မောင်တောမြို့နယ်အတွင်းက ကျေးရွာများလည်း ရေကြီးမှုဒဏ်ခံခဲ့ကြရပြီး ရွာချင်းဆက်တံတားများပျက်စီးမှုရှိခဲ့သဖြင့်လည်း ကျေးရွာသားများမှာ သွားလာရေးခက်ခဲကာ စားဝတ်နေရေးအခက်အခဲများ ဖြစ်ခဲ့ကြရသည်။
ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုကြောင့် အလုပ်အကိုင်များရှားပါးကာ စားဝတ်နေရေးအတွက်ရုန်းကန်နေရချိန်တွင် ယခုကဲ့သို့ ရေကြီးမှုဒဏ်ကိုပါခံနေရသည့် ဒေသခံပြည်သူများမှာ အခက်အခဲများစွာဖြစ်နေရကြောင်းလည်း ပြောဆိုကြသည်။