လက်ရှိဖြစ်ပွားနေသော လေဖိအားနည်းရပ်ဝန်း ပျက်ပြယ်သွားသော်လည်း ရခိုင်တွင် နောက်နှစ်ရက်အထိ မိုးပိုနိုင်

လက်ရှိဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာ မုန်းတိုင်းငယ်အဆင့်သို့မရောက်မီ အိန္ဒိယနိုင်ငံ သြရိဿကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်သွားပြီဖြစ်ကြောင်းနှင့် အဆိုပါ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ခဲ့သည့်အရှိန်ကြောင့် ရခိုင်ပြည်နယ်တွင် နောက်နှစ်ရက်အထိမိုးပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက DMG သို့ပြောသည်။

18 Aug 2021

ဓါတ်ပုံ - မိုးလေဝါသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

DMG ၊ သြဂုတ် ၁၈

လက်ရှိဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာ မုန်းတိုင်းငယ်အဆင့်သို့မရောက်မီ အိန္ဒိယနိုင်ငံ သြရိဿကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်သွားပြီဖြစ်ကြောင်းနှင့် အဆိုပါ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ခဲ့သည့်အရှိန်ကြောင့် ရခိုင်ပြည်နယ်တွင် နောက်နှစ်ရက်အထိမိုးပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက DMG သို့ပြောသည်။

လက်ရှိ လေဖိအားနည်းရပ်ဝန်းဖြစ်ပွားခဲ့သည့်နေရာမှာ မြန်မာနိုင်ငံနှင့် အလှမ်းဝေးသည့်အတွက် မိုးများမည်ဟုဆိုသော်လည်း မိုးရေချိန်လက်မ စံချိန်တင်သည့်အထိ ပိုနိုင်မည်မဟုတ်ကြောင်း ၎င်းကဆိုသည်။

“ပြီးခဲ့တဲ့တစ်ခေါက်က သံတွဲမှာ မိုးရေချိန်လက်မစံချိန်တင်သလိုမျိုးမိုးရွာမှာတော့မဟုတ်ပါဘူး။ လေဖိအားနည်းရပ်ဝန်းမရှိတော့တဲ့အတွက် မုတ်သုံလည်းအားလျှော့သွားမှာပါ” ဟု ၎င်းကဆိုသည်။

ထို့အပြင် သြဂုတ်လကုန်ခန့်မှ၍ မိုးကုန်သည်အထိ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်လာနိုင်ခြေရှိနေပြီး မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်နိုင်ခြေမရှိကြောင်း ဦးလှထွန်းက ခန့်မှန်းပြောဆိုသည်။

“ဒီလိုမိုးလည်ကာလတွေမှာ မုန်တိုင်းဖြစ်ခဲ့တာနည်းတော့ အနည်းဆုံးတစ်လုံးလောက်တော့ဖြစ်ဖို့ရှိတယ်။ ဒါပေမယ့် ဒီကာလတွေမှာဖြစ်တဲ့ မုန်တိုင်းတွေက အထက်လေတိုက်ခတ်မှုပုံစံတွေအရ အနောက်ဘက်ကိုပဲသွားလေ့သွားထရှိတာကြောင့် အိန္ဒိယကမ်းခြေဘက်ကိုပဲသွားမယ်လို့ ခန့်မှန်းထားပါတယ်”ဟု ၎င်းကရှင်းပြသည်။

ရခိုင်ပြည်တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ တစ်သိန်းကျော်ခန့် ကျန်ရှိနေသေးသည့်အတွက် မိုးများသည်နှင့်အမျှ စစ်ဘေးရှောင်များအတွက်စိုးရိမ်နေရကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ဥက္ကဋ္ဌ ဦးရွှေဘော်စိန်ကဆိုသည်။

“စစ်ဘေးရှောင်တွေဟာ အရင်နှစ်က ဆောက်ထားတဲ့ တဲတန်းလျှားတွေနဲ့နေရတာဖြစ်တဲ့အတွက် မိုးများရင် သူတို့အတွက် အများကြီးအခက်ခဲတွေ့ကြရတယ်။ နောက်ပြီး ဒီရေတက်တာနဲ့ မိုးများတာနဲ့ကြုံရင် ရေကြီးတာတွေဖြစ်ပြီး တော်တော်အခက်ခဲတွေ့ကြရပါတယ်” ဟု ၎င်းကထောက်ပြပြောဆိုသည်။

ဘင်္ဂလားပင်လယ်အော်တွင် တစ်နှစ်လျှင် မုန်တိုင်း ၆ ခုခန့်ဖြစ်ပေါ်လေ့ရှိပြီး လေဖိအားနည်းရပ်ဝန်း ဆယ်ခုခန့်ဖြစ်ပေါ်လေ့ရှိကာ လွန်ခဲ့သည့်လေးနှစ်ခန့်မှစ၍ ဖြစ်ပွားမှုနှုန်းများလျှော့ကျလာနေကြောင်း မိုးလေဝသပညာရှင်များထံမှ သိရသည်။

လက်ရှိ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ထိရှိနေပြီး ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး နေရာကွက်၍မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။