ကျေးရွာ ၅ ရွာမှအပ ကျန်ကျေးရွာများမှ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ပြီဟု စစ်ကောင်စီပြော

စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များအနေဖြင့် မိမိနေရပ်သို့ ပြန်မည်ဆိုပါ လက်ရှိအခြေအနေရာ ပြန်နိုင်ပြီဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီက ပြောကြားလိုက်သည်။

08 Mar 2022

DMG ၊ မတ် ၈

စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များအနေဖြင့် မိမိနေရပ်သို့ ပြန်မည်ဆိုပါ လက်ရှိအခြေအနေရာ ပြန်နိုင်ပြီဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီက ပြောကြားလိုက်သည်။

သို့သော် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာနှင့် ရသေ့တောင်မြို့နယ်မှ အောင်သာစည်၊ ထီးစွဲ၊ ကျောက်တန်းစသည့်ကျေးရွာများမှအပ ကျန်ကျေးရွာများမှ စစ်ဘေးတိမ်းရှောင်နေကြသူများသာ ပြန်၍ရမည်ဟုလည်းပြောသည်။

တင်းမ၊ အောင်သာစည်၊ ထီးစွဲ၊ ကျောက်တန်း စသည့်ကျေးရွာများအနီး၌ နှစ်ဖက်တပ်များနီးကပ်စွာရှိနေသည့်အတွက် အဆိုပါကျေးရွာများမှဒေသခံများ နေရပ်ပြန်ရေးမဖြစ်နိုင်သေးဟု ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးဦးလှသိန်းက ယနေ့ မတ်လ ၈ ရက်နေ့တွင် စစ်တွေမြို့၌ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“တပ်မတော်နဲ့ အေအေကြားမှာ တစ်ဖက်နဲ့တစ်ဖက် စာချုပ်နဲ့ငြိမ်းချမ်းရေးလုပ်ထားတာမဟုတ်တဲ့အတွက် အချိန်မရွေး မပြေလည်ရင်မပြေလည်သလို အခြေအနေတင်းမာလို့ တစ်ခုခုဖြစ်ခဲ့ရင် လူတွေလုံခြုံရေးအရေးကြီးတဲ့အတွက် ပြန်မယ်ဆိုရင်လည်း ပြန်လို့မရသေးဘူးလို့ ပြောပါတယ်”ဟု ဦးလှသိန်းကဆိုသည်။

နေအိမ်မီးရှို့ခံရပြီး ရွာလုံးကျွတ်စစ်ဘေးရှောင်နေကြရသည့် ကျောက်တော်၊ တင်းမကျေးရွာသားများမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလမှစ၍ နေရပ်ပြန်ရန်ကြိုးပမ်းနေကြခြင်းဖြစ်ပြီး နေရပ်ပြန်ရေးကိစ္စနှင့်ပတ်သက်၍လည်း စစ်ကောင်စီ ဥက္ကဋ္ဌအထိ စာတင်တောင်းဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပေ။

အခြားစစ်ဘေးရှောင်များ နေရပ်ပြန်နိုင်သော်လည်း တင်းမကျေးရွာသားများ နေရပ်မပြန်နိုင်သေးခြင်းအတွက် စိတ်မကောင်းဖြစ်မိကြောင်း တင်းမကျေးရွာမှ ဦးစောသိန်းကပြောသည်။

“ကျွန်တော်တို့ စစ်ရှောင်ဘဝမှာမနေချင်တော့ပါဘူး။ လူမှုရေး၊ စီးပွားရေး အဖက်ဖက်ကဆုံးရှုံးနေရတယ်။ ပညာလည်းမသင်ရ လူငယ်တွေလည်း အနာဂတ်ပျောက်နေတယ်။ တခြားလူတွေပြန်ခွင့်ရလို့ ကျွန်တော်တို့မပြန်ရဆိုတော့ စိတ်မကောင်းဖြစ်မိတယ်။ နှစ်ဖက်တပ်တွေအနေနဲ့ ညှိနှိုင်းပြီးတော့ ကျွန်တော်တို့ရွာပြန်နိုင်ဖို့လုပ်ပေးစေချင်တယ်”ဟု ဦးစောသိန်းကပြောသည်။

နှစ်နှစ်ကျော်ကြာစစ်ရေးတင်းမာခဲ့သည့် ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှစ၍ နှစ်ဖက်နားလည်မှုနှင့် တိုက်ပွဲငြိမ်သက်နေသည်မှာ လက်ရှိတွင် နှစ်နှစ်နီးပါးကြာမြင့်လာခဲ့ပြီဖြစ်သည်။

တိုက်ပွဲရပ်တန့်ပြီးနောက်ပိုင်း စစ်ဘေးရှောင်တစ်ချို့ နေရပ်ပြန်ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်(၈)သောင်းခန့်ကျန်ရှိနေသေးသည်။

တစ်ဖက်မှာလည်း စစ်ကောင်စီက စစ်ဘေးရှောင်များနေရပ်ပြန်ရေးနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ပေးမှုများ လုပ်ဆောင်နေပြီး နေရပ်ပြန်သူများအတွက် အိမ်ထောင်စုတစ်စုကို ငွေကျပ် ၅ သိန်းနှင့် ရိက္ခာတစ်လစာ ထောက်ပံ့ပေးမှုများရှိသည်။

လက်ရှိတွင် စစ်ကောင်စီ၏အစီအစဉ်ဖြင့် နေရပ်ပြန်သည့် စစ်ဘေးရှောင် ၁၀၀၀ ကျော်ရှိနေပြီး ထပ်မံပြီး နေရပ်ပြန်ရန်စာရင်းပေးထားသူများလည်းရှိပြီး အတိအကျကိုမသိရသေးကြောင်း ပြည်နယ်စစ်ကောင်စီထံမှ သိရသည်။

ရခိုင်ပြည်၏အခြေအနေသည် လက်ရှိအနေအထားအရ နယ်မြေဒေသတည်ငြိမ်နေသဖြင့် မြို့နယ်အသီးသီးမှာခိုလှုံနေကြသည့် စစ်ဘေးဒုက္ခသည်များနေရပ်ပြန်ရန်ကိစ္စအား စစ်ကောင်စီမှ ထပ်မံဆောင်ရွက်နေခြင်းဖြစ်သည်။

နေရပ်ပြန်ချင်သော်လည်း နောက်ဆက်တွဲဖြစ်လာမည့် အခက်အခဲများအားစိုးရိမ်သည့်အတွက် နေရပ်ပြန်သေးဟု ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းမှ ဦးအောင်လှရွှေကပြောသည်။

“ကျွန်တော်တို့ဒေသက ဝေးလံခေါင်ဖျားတယ်။ ပြန်သွားရင် ကျန်းမာရေး၊ ပညာရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်မလား။ ကျွန်တော်တို့ဒေသကိုရောက်ရင် လွတ်လွတ်လပ်လပ်သွားလာလို့ရမှာလား။ အကျပ်အတည်းတွေနဲ့နေထိုင်ရလို့မဖြစ်ဘူး။ ပြီးတော့ နိုင်ငံရေးအခြေအနေကရော ဒီအတိုင်းဆက်ကောင်းနိုင်ပါ့လား။ တကယ်လို့ ပြန်တိုက်ပွဲဖြစ်လာခဲ့ရင် ကျွန်တော်တို့ထပ်ပြီး ဒုက္ခခံပြီးမထွက်ပြေးချင်တော့ဘူး”ဟု ဦးအောင်လှရွှေကပြောသည်။

စစ်ဘေးရှောင်များအား အတင်းအဓမ္မ နေရပ်ပြန်ခိုင်းမည်မဟုတ်ကြောင်းနှင့် မိမိသဘောဆန္ဒအရ နေရပ်ပြန်စေခြင်းသာဖြစ်ပြီး နေရပ်ပြန်မည်ဆိုပါက နေထိုင်မည့်ကျေးရွာအတွင်း မိုင်းရှင်းလင်းရေးလုပ်ဆောင်ပေးမည်ဖြစ်ကာ လုပ်ကိုင်စားသောက်သည့် နေရပ်များကိုလည်း မိုင်းရှင်းလင်းရေးလုပ်ပေးသွားမည်ဟု စစ်ကောင်စီက ပြောဆိုသည်။

ယင်းအပြင် မိုးရာသီကာလအတွင်းမှာလည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက် ထွန်စက်များနှင့် မျိုးစပါးများကိုပါ ထောက်ပံ့ကူညီသွားမည်ဖြစ်ပြီး နေရပ်ပြန်စစ်ဘေးရှောင်များ မိမိဘဝပြန်လည်ရပ်တန်နိုင်ရန် အခြေအနေတစ်ခုထိ ဆောင်ရွက်ပေးသွားမည်ဟုဆိုသည်။

“လောလောဆယ် စစ်ဘေးရှောင်စခန်းမှာနေရတဲ့အတွက် ကျွဲ၊နွားမရှိတော့ဘူး။ ဒါကိုကျွန်တော်တို့လည်း ထည့်စဉ်းစားလို့ရတယ်။ ကျွဲ၊နွားမရှိတဲ့အတွက် လယ်ထွန်စက်အကြီးမဟုတ်ရင်အလတ် ဒီရွာဟိုရွာအမီပေါ့ ထွန်နိုင်အောင် စက်မှုလယ်ယာအနေနဲ့ပေါ့။ နောက်ပြီးတော့ မျိုးစေ့စိုက်ပျိုးရေးနဲ့ညှိနှိုင်းပြီးတော့ ပံ့ပိုးပေးဖို့အစီအစဉ် ကျွန်တော်တို့မှာရှိပါတယ်။ အစီအစဉ်ကတော့ ရှိပြီးသားပါ။ မပြန်ကြသေးတဲ့အတွက် လက်တွေ့ကတော့ ဆောင်ရွက်တဲ့အနေအထားမှာမရှိသေးဘူး”ဟု ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။

စစ်ဘေးရှောင်များအနေဖြင့် နေရပ်မပြန်ဘဲဆက်နေမည်ဆိုပါက ၎င်းတို့အားပုံမှန်ထောက်ပံ့နေသည့် ရိက္ခာများ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး တစ်ခြားလိုအပ်သည့်ကိစ္စရပ်များကိုလည်း ဆောင်ရွက်ပေးမည်ဟု ၎င်းကဆက်၍ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာအစောပိုင်းမှစ၍ နှစ်နှစ်ကျော်ကြာ တိုက်ပွဲကာလအတွင်း ဒေသခံပြည်သူ ၂ သိန်း ၃ သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးကာ စစ်ဘေးရှောင်စခန်းမှာ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးကအစ ဆုံးရှုံးနေခဲ့ရသည်။