- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လူငယ်များကို သံသယနှင့်ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းအပေါ် ရခိုင်လူငယ်များ ရှုတ်ချ
အကြမ်းဖက်မှုဥပဒေနှင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ ကိုအောင်နိုင်မြင့်(ခ)ကိုမင်းဒီပါကို ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် မြောက်ဦးခရိုင်တရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။
04 Mar 2022
DMG ၊ မတ် ၄
အကြမ်းဖက်မှုဥပဒေနှင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ ကိုအောင်နိုင်မြင့်(ခ)ကိုမင်းဒီပါကို ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် မြောက်ဦးခရိုင်တရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။
၎င်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)သို့ ငွေကြေးထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင်ဖမ်းဆီးခဲ့ပြီး မြောက်ဦးမြို့ရဲစခန်းမှ ဒုရဲမှူးစိုးတင်က တရားလို ပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ကိုမင်းဒီပါ၏အမှုကိုစစ်ဆေးရာတွင် ၎င်း၏ဖုန်းမှ ငွေလွှဲ၊ငွေထုတ်ခြင်းမျိုးမတွေ့ရသော်လည်း Massenger မှတစ်ဆင့် စကားပြောထားသည်များကိုတွေ့သည်ဟုဆိုကာ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက DMG သို့ပြောသည်။
“အဓိက messenger က စကားပြောထားတာကိုတွေ့သွားတယ်။ ငွေလွှဲ၊ ငွေထုတ်ထားတာမျိုးတော့ မတွေ့ဘူး။ ပထမစွဲတင်တာတော့ သူသုံးနေတဲ့ဖုန်းနဲ့ ငွေလွှဲ၊ငွေထုတ်လုပ်တယ်ဆိုပြီးစွဲတာ။ ဖမ်းတဲ့အခါ ဖုန်းနှစ်လုံးရခဲ့တယ်။ စွဲတဲ့ဖုန်းနံပတ်မှာတော့ KBZ PAY လည်းဖွင့်လို့မရှိဘူး။ ရှာဖွေပုံစံမှာတော့ ဖုန်းနှစ်လုံးပါလာတယ်။ Mobile နည်းပညာနဲ့စစ်ဆေးတဲ့အခါ messenger က စကားပြောတာတွေ့တယ်လို့ဆိုတယ်။ သူ(ကိုမင်းဒီပါ)ကတော့ သူ့နဲ့ပတ်သက်မှုမရှိဘူးလို့ပြောဆိုတယ်”ဟု အဆိုပါ တရားရုံးနှင့်နီးစပ်သူကပြောသည်။
ထိုသို့ ကိုမင်းဒီပါကို ကြီးလေးသောပုဒ်မဖြင့်တရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်ခဲ့သည့်အပေါ် ကျေနပ်မှုမရှိသဖြင့် အယူခံတက်ရန်ပြင်ဆင်နေသည်ဟု မိသားစုကပြောသည်။
“ကျွန်မမောင်လေးမှာ ဘာအပြစ်မှမရှိဘဲ စွပ်စွဲမှုနဲ့ချမှတ်တာကို ကျေနပ်မှုမရှိဘူး။ အယူခံဆက်တက်သွားမယ်။ ကျွန်မတို့ အရမ်းခံစားရတယ်။ ဘာအပြစ်မှမရှိဘဲ ချမှတ်ခံရတာကို ခံစားရတယ်”ဟု ကိုမင်းဒီပါ၏အစ်မဖြစ်သူ မနန်းစိုးက DMG ကိုပြောသည်။
ရခိုင်ပြည်နယ်အတွင်းတွင် စစ်အာဏာသိမ်းချိန်မှစ၍ ယနေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့်မတွေ့ရသော်လည်း PDF နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ဖမ်းဆီးတရားစွဲဆို ခံရသူမှာ ၁၀ ဦးထက်မနည်း ရှိလာနေပြီဖြစ်သည်။
ထိုသို့ဖမ်းဆီးခံရသူများထဲတွင် လူငယ်အများအပြားပါဝင်ပြီး ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ မြောက်ဦးတို့မှ ဖြစ်ကြသည်။
စစ်ကောင်စီမှ လူငယ်များအား အငြိုးတကြီးလုပ်ဆောင်မှုအပေါ် ကန့်ကွက်ရှုတ်ချသည်ဟု လူမှုရေး တက်ကြွလှုပ်ရှားသည့်လူငယ်တစ်ဦးဖြစ်သော ကိုကျော်မင်းခိုင်ကပြောသည်။
“ကျွန်တော်တို့ဗမာပြည်နိုင်ငံရေးထဲမှာ ရခိုင့်လူငယ်တွေလည်း စီးမျောပြီးပါခဲ့တာရှိတယ်။ အခုဗမာပြည် အပြောင်းအလဲတစ်ခုမှာလည်း ရခိုင်လူငယ်တွေက ဒီနေ့ထက်တိုင် မိတ်ဆွေးကောင်းတစ်ယောက်အနေနဲ့ ရှိနေတာတွေရှိမယ်။ တစ်ဖက်မှာလည်း မိတ်ဆွေကောင်းရှိနေတာကြောင့် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကူညီတာတွေရှိမယ်။ ဒီအပေါ်မှာ စစ်အစိုးရက အငြိုးအတေးနဲ့ လူငယ်တွေကိုဖမ်းဆီးတယ်၊ ထောင်ချတာတွေလုပ်တာကိုတော့ လုံးဝလက်ခံနိုင်စရာမရှိဘူး”ဟု ကိုကျော်မင်းခိုင်ကဆိုသည်။
လက်ရှိထောင်ဒဏ် ၁၀ နှစ်ထိချမှတ်ခံထားရသော လူငယ်စာရေးဆရာ ကိုမင်းဒီပါမှာ စာအုပ်များရေးသား ထုတ်ဝေကာ ရရှိသည့်ဝင်ငွေနှင့် အသက်မွေးဝမ်းကျောင်းပြုနေသူတစ်ဦးဖြစ်ကြောင်း မိသားစုဝင်များက အခိုင်အမာပြောဆိုသည်။
စာမှုခရရှိသည့်ငွေကို ပုံမှန်အတိုင်းထုတ်ယူနေသည်ကိုလည်း စာတိုက်မှထောက်ခံထားပြီး စာအုပ်ရေးသားမှု အပိုင်းမှာလည်း တရားဝင်စာချုပ်ချုပ်ဆိုကာ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ကိုမင်းဒီပါ၏ အစ်ကိုဖြစ်သူ ကိုအောင်မြင့်ကပြောသည်။
“အခုလက်ရှိမြန်မာနိုင်ငံရေးက စစ်တပ်လုပ်ရင်ဖြစ်တယ်ပုံစံမျိုးဖြစ်သွားပြီ။ အမှန်တရားဆိုတာ မရှိတော့ဘူး”ဟု ကိုအောင်မြင့်က ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့်ကဏ္ဍတို့၌ ဆုတ်ယုတ်သွားကာ ပြည်သူအများအပြားမှာလည်း စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင် နေကြရသည်။
ဒုက္ခသည်များ၏အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် လူငယ်အဖွဲ့အစည်းများမှ လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများကို တစ်ဖက်တစ်လှမ်းက ကြိုးစားလုပ်ဆောင်နေသည့်အပေါ် ထိုလူငယ်များကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းတို့မှာ လူငယ်များလုပ်ဆောင်သည့်အပိုင်းကို ရပ်ဆိုင်းသွားနိုင်သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများ(ကွန်ရက်) ယာယီတာဝန်ခံ မဖြိုးအိစံကပြောသည်။
“ကျွန်မတို့မြန်မာနိုင်ငံမှာ အစကတည်းကလည်း ကိုယ်လုပ်ချင်တာတွေကိုလုပ်နေကြတယ်ပေါ့။ ဥပဒေနဲ့ ပတ်သက်လို့လည်း တရားမျှတမှုမရှိတာတွေ၊ မှန်ကန်မှုမရှိတာတွေ အခြေခံမှာမူတည်ပြီး အားပါးတရနဲ့ ကိုယ့်ရပ်တည်မှုအပေါ်မူတည်ပြီး လုပ်ဆောင်နေကြတာတွေကို ဖိနှိပ်မှုတွေရှိလာတာ။ နောက်လူငယ်တွေ ခေါင်းဆောင်ပိုင်းနေရာ မရောက်လာမှာကိုလည်းစိုးရိမ်တယ်”ဟု မဖြိုးအိစံကဆိုသည်။
စစ်ကောင်စီမှ ရခိုင်လူငယ်များအပေါ် ခေါင်းစဉ်အမျိုးမျိုးတပ်ဖမ်းဆီးကာ ပြစ်ဒဏ်ချမှတ်ခြင်းသည် နိုင်ငံရေးအရ အသုံးချမှုဖြစ်ကြောင်း ရခိုင်လူငယ်များကဝေဖန်ပြောဆိုကြသည်။
လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ NUG၊ PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် လူငယ်များသည် ရခိုင်ဒေသဖွံ့ဖြိုးရေး၊ ဒေသအရင်းအမြစ်များနှင့်ပတ်သက်၍ အရေးပါအရာရောက်သူများ ဖြစ်သည်ဟု လူငယ်တက်ကြွလှုပ်ရှားသူ ကိုမင်းဘာချေက ပြောသည်။
“ဒီလိုလူငယ်တွေကို ဖမ်းဆီးနေတဲ့ပုံစံတစ်ခုက ဝမ်းနည်းစရာဖြစ်ရတယ်။ စစ်ကောင်စီက လူငယ်တွေကို ဖမ်းဆီးထောင်ချတဲ့လုပ်ရပ်အပေါ်မှာ ကျွန်တော်တို့ ရခိုင်လူငယ်တွေအနေနဲ့ကတော့ လုံးဝလက်မခံနိုင်ဘူး”ဟု ကိုမင်းဘာချေက ပြောသည်။
လက်ရှိ စစ်ကောင်စီအဖွဲ့မှာပါဝင်နေကြသည့် ရခိုင်ပြည်မှ လူပုဂ္ဂိုလ်များအနေဖြင့်လည်း လူငယ်များနှင့် ပတ်သက်၍ စစ်ကောင်စီ၏လုပ်ရပ်အပေါ် ကာကွယ်ဆောင်ရွက်ပေးသင့်ကြောင်းလည်း ၎င်းကဆက်ပြောသည်။
ဒေသဖွံ့ဖြိုးရေးနှင့် လူမှုရေးကိစ္စများ၌ တက်ကြွစွာပါဝင်လှုပ်ရှားနေကြသည့် လူငယ်များအား ဆက်လက်ဖမ်းဆီးခြင်း မလုပ်ဆောင်ရန်နှင့် ထိုသို့ဖမ်းဆီးနေခြင်းမှာ လူငယ်များ၏အခွင့်အရေးကို ပိတ်ပင်နေခြင်းဖြစ်ကြောင်းလည်း ရခိုင်လူငယ်များမှ ထောက်ပြပြောဆိုကြသည်။