- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် နှစ်ရှည်သစ်ပင် ၄ သိန်းခန့် စိုက်ပျိုးသွားမည်ဟု သစ်တောဦးစီးဌာနပြော
ရခိုင်ပြည်အတွင်းက မြို့နယ် ၁၇ ခုတွင် ယခုနှစ် မိုးရာသီကာလအတွင်း နှစ်ရှည်သစ်ပင် ၃၉၀,၀၀၀ ကို ပြည်နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်ကာ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
30 Jun 2023
DMG ၊ ဇွန် ၃၀
ရခိုင်ပြည်အတွင်းက မြို့နယ် ၁၇ ခုတွင် ယခုနှစ် မိုးရာသီကာလအတွင်း နှစ်ရှည်သစ်ပင် ၃၉၀,၀၀၀ ကို ပြည်နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်ကာ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ပျဉ်းကတိုး၊ သပြေ၊ မန်ဂျန်ရှား၊ ပိတောက်နှင့် အုန်းပင် စသည့် နှစ်ရှည်သစ်ပင်များကို မြို့နယ်အနှံ့တွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းနိုင်က ပြောသည်။
“ရခိုင်ပြည်နယ် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် အဓိက စိုက်ပျိုးတာပါ။ သစ်တော၊ သစ်ပင်တွေကို ပြည်သူတွေတန်ဖိုးထားလာဖို့ ရည်ရွယ်ပြီး သစ်တောဦးစီးဌာနက ဦးဆောင်ပြီး စိုက်ပျိုးတာ။ ဒီနှစ်မိုးရာသီမှာ ဖြန့်ဝေစိုက်ပျိုးမှာ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်တွေ၊ ဘူးသီးတောင်၊ အမ်း၊ သံတွဲ မြို့နယ်များတွင် သစ်ပင် ၂ သိန်းခန့် စိုက်ပျိုးထားပြီဖြစ်ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းကလည်း စစ်တွေတက္ကသိုလ်ခြံဝင်း၌ နှစ်ရှည်သစ်ပင် ၂,၀၀၀ ကျော်ကို ပြည်နယ်သစ်တောဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာများက ပူးပေါင်းစိုက်ပျိုးခဲ့ကြသည်။
ဇွန်လ ၂၆ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ကွန်တိုင်ကျေးရွာအုပ်စုရှိ အစိုးရစက်မှုကျောင်းခြံဝင်းအတွင်း ကျွန်း ၁၅၀၊ ပျဉ်းကတိုး ၁၅၀၊ မန်ဂျန်ရှား ၂၀၀၊ ဗန်ဒါ ၁၅၀၊ ရေတမာ ၁၅၀၊ သင်္ဂနက် ၁၅၀၊ ခရေ ၁၅၀၊ မယ်ဇလီ ၁၅၀ ပင် စုစုပေါင်းသစ်ပင် ၁,၂၅၀ ကို စိုက်ပျိုးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ဇွန်လ ၂၇ ရက်နေ့ကလည်း အမ်းမြို့ရှိ ကံ့ကော်တစ်ထောင်ဘုရားဝန်းအတွင်း ပျဉ်းကတိုး ၁၂၀၊ ပိတောက် ၅၀၊ မဟော်ဂနီ ၇၀၊ ရေတမာ ၅၀၊ မန်ဂျန်ရှား ၁၇၀၊ ကုက္ကို ၅၀၊ ကံ့ကော် ၂၀နှင့် သင်္ကန်း ၇၀ စုစုပေါင်းသစ်ပင် ၆၀၀ ခန့်ကို ဌာနဆိုင်ရာများက စိုက်ပျိုးခဲ့သည်ဟု သိရသည်။
သက်ဆိုင်ရာအာဏာပိုင်များနှင့် အဖွဲ့အစည်းအချို့အနေဖြင့် သစ်ပင်စိုက်ပျိုးမှုများကို နှစ်တိုင်းလုပ်ဆောင်နေကြသော်လည်း သစ်ပင်များအား ထိန်းသိမ်းမှုအပိုင်းတွင် များစွာအားနည်းနေသေးကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နေသူများက ပြောကြသည်။
“အပင်တွေက ဒီနှစ်မှာပိုစိုက်ကြတာကို တွေ့ရတယ်။ မြို့ပေါ်နဲ့ နယ်ရွာတွေမှာ အဖွဲ့အစည်းတချို့အနေနဲ့ ကိုယ်စီစိုက်ပျိုးကြတာကို တွေ့ရတယ်။ အပင်ကို စိုက်တာထက်၊ စိုက်ထားတဲ့အပင်ကို ထိန်းသိမ်းတာကို ပိုလုပ်သင့်တယ်လို့ မြင်တယ်” ဟု ရခိုင်က “စိမ်းလန်းစီ” သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ကိုမြတ်မင်းစိုးက ပြောသည်။
“စိမ်းလန်းစီ”အဖွဲ့က ယခုနှစ်မိုးရာသီတွင် မန်ကျေရှား၊ ပိတောက်၊ စိန်ပန်းပင် စသည့် သစ်ပင်ပေါင်း တစ်သိန်းခန့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
ရခိုင်ပြည်တွင် မိုးရာသီအတွင်း နှစ်စဉ် နှစ်တိုင်း သစ်ပင်များစိုက်ပျိုးကြသော်လည်း စည်းမျဉ်းစည်းကမ်းနှင့်အညီ စိုက်ပျိုးမှုမရှိခြင်း၊ စိုက်ပျိုးပြီးသစ်ပင်များကို စနစ်တကျထိန်းသိမ်းမှု အားနည်းခြင်းတို့ကြောင့် အောင်မြင်ဖြစ်ထွန်းမှုအပိုင်းမှာ နည်းပါးနေသည်။
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်တွင် နှစ်ရှည်သစ်ပင် ကြီးများ အပါအဝင် သစ်ပင်အများအပြား ပြိုလဲပျက်စီးသွား၍ ယခုနှစ်မိုးရာသီတွင် သစ်ပင်များတိုးချဲ့စိုက်ပျိုးရန် အရေးတကြီးလိုအပ်နေကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်နေသူများက ပြောဆိုကြသည်။
“အပင်စိုက်တာက လွယ်တယ်။ အဲဒီအပင်ကို ရှင်သန်အောင်လုပ်ရတာက ခက်တယ်။ အပင်စိုက်ထားရင် မြက်တွေရှင်းရတယ်။ တိရစ္ဆာန်အန္တရာယ်ကာကွယ်နိုင်အောင် ခြံစည်းရိုးတွေ သေချာခတ်ထားရတယ်။ အဲဒါတွေကို အပင်စိုက်ပျိုးပြီးနောက်ပိုင်း လုပ်ပေးမှ စိုက်လိုက်တဲ့အပင် ရှင်သန်မှာ” ဟု ကျောက်တော်မြို့နယ်၊ အပေါက်ဝလူငယ်အစည်းအရုံး ဥက္ကဌ မအေးမြတ်မော်က ပြောသည်။
ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က သစ်ပင် ၄ သိန်းခန့် စိုက်ပျိုးခဲ့ရာ ၈၀ ရာခိုင်နှုန်းခန့် အောင်မြင်ဖြစ်ထွန်းခဲ့သည်ဟု ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။ သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ် မိုးရာသီရောက်တိုင်း သစ်ပင် ၄ သိန်းခန့်ကို ပုံမှန်စိုက်ပျိုးလျက်ရှိသည်ဟုလည်း ပြောဆိုထားသည်။
#R005