- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
သေဒဏ်စီရင်မှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ထုတ်ပြန်
နိုင်ငံရေးအမြင်မတူသည့် ပုဂ္ဂိုလ်လေးဦးအား သေဒဏ်စီရင်မှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဟုခေါ်သော ရက္ခိုင့်တပ်တော်(AA)၊ ကိုးကန့်(MNDAA)နှင့် တအာင်း/ပလောင်(TNLA)တို့က ယနေ့(ဇူလိုင်လ ၂၇ ရက်)တွင် ထုတ်ပြန်ကြေငြာလိုက်သည်။
27 Jul 2022
DMG ၊ ဇူလိုင် ၂၇
နိုင်ငံရေးအမြင်မတူသည့် ပုဂ္ဂိုလ်လေးဦးအား သေဒဏ်စီရင်မှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဟုခေါ်သော ရက္ခိုင့်တပ်တော်(AA)၊ ကိုးကန့်(MNDAA)နှင့် တအာင်း/ပလောင်(TNLA)တို့က ယနေ့(ဇူလိုင်လ ၂၇ ရက်)တွင် ထုတ်ပြန်ကြေငြာလိုက်သည်။
NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ဝါရင့်နိုင်ငံရေးသမား ကျောင်းသားခေါင်းဆောင် ကိုကျော်မင်းယု (ခ) ကိုဂျင်မီ၊ ကိုလှမျိုးအောင်(ခ)ကိုမျိုး၊ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက ဇူလိုင်လ ၂၄ ရက်နေ့တွင် သေဒဏ်စီရင်လိုက်သည်။
ထိုသို့သေဒဏ်စီရင်လိုက်ခြင်းသည် လက်ရှိကမ္ဘာ့နိုင်ငံရေး၏ စံထားချက်များနှင့် ဆန့်ကျင်နေသလို ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကြေငြာစာတမ်း အပြည်ပြည်ဆိုင်ရာ နိုင်ငံသားအခွင့်အရေးနှင့် အာဆီယံနိုင်ငံ ဂျာကာတာထိပ်သီးအစည်းအဝေးမှ သဘောတူဆုံးဖြတ်ထားသော မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် (၅)ရပ်အပါအဝင် မြန်မာ့အရေးကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းမည့် လမ်းစဉ်များနှင့်လည်း လုံးဝဆန့်ကျင်နေသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယုတ္တိမရှိသော ပြစ်မှုဖြင့် နိုင်ငံရေးအမြင်မတူသော ပုဂ္ဂိုလ်များအား သေဒဏ်စီရင်ခြင်းသည် ပြည်သူတစ်ရပ်လုံး၏ ဒေါသစိတ်နှင့် ပြည်တွင်းစစ်များကို ပိုမိုပြင်းထန်စေမည်ဖြစ်ပြီး ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲပြဿနာအားလုံးကို စစ်ကောင်စီမှ တာဝန်ယူရမည်ဟုလည်း ဆိုထားသည်။
ထို့ပြင် စစ်ကောင်စီမှအဆိုပြုထားသော အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလမ်းစဉ်နှင့်လည်း လုံးဝဆန့်ကျင်နေသောကြောင့် မိမိတို့အနေဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့ကလည်း ရက္ခိုင့်တပ်တော်(AA)က ယင်းသေဒဏ်စီရင်မှုနှင့်ပတ်သက်ပြီး ထုတ်ပြန်ခဲ့သည်။ မလုပ်သင့် မလုပ်အပ်သောအလုပ်ကို မလုပ်သင့်သည့်အချိန်၌ မလုပ်မိစေရန် ယဉ်ကျေးသောသံတမန်ရေးရာနှင့် နိုင်ငံရေးအသိုင်းအဝိုင်းများက မေတ္တာရပ်ခံ တားမြစ်နေသည့်ကြားမှ စစ်ကောင်စီမှ ထုတ်ပြန်လိုက်သော မိုက်မဲစွာ သေဒဏ်စီရင်သည့်သတင်းသည် ပြည်သူတစ်ရပ်လုံး၏ ဒေါသနှင့် မခံချင်စိတ်ကို ပို၍ဆိုးရွားစွာ နှိုးဆွစိန်ခေါ်လိုက်ခြင်းဟု ထုတ်ပြန်ခဲ့သည်။
အဆိုပါလေးဦးကို စစ်ကောင်စီမှ သေဒဏ်စီရင်လိုက်မှုအပေါ် ပြည်တွင်းလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများကလည်း ဆန့်ကျင်ကန့်ကွက်လျက်ရှိသည်။