- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြောက်ဦးမှ သတင်းထောက်ဟောင်း ကိုဖိုးသီဟကို မြန်မာစစ်တပ်ဖမ်းဆီး
ရခိုင်ပြည်၊ မြောက်ဦးမြို့ လက်ကောက်ဈေးတွင်နေထိုင်သည့် သတင်းထောက်ဟောင်း ကိုမြတ်သူထွန်း(ခေါ်) ကိုဖိုးသီဟကို ယနေ့(စက်တင်ဘာလ ၂၀ ရက်) နေ့လည် ၁ နာရီကျော်အချိန်ခန့်တွင် မြန်မာစစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းခေါ်သွားသည်။
20 Sep 2022
DMG ၊ စက်တင်ဘာ ၂၀
ရခိုင်ပြည်၊ မြောက်ဦးမြို့ လက်ကောက်ဈေးတွင်နေထိုင်သည့် သတင်းထောက်ဟောင်း ကိုမြတ်သူထွန်း(ခေါ်) ကိုဖိုးသီဟကို ယနေ့(စက်တင်ဘာလ ၂၀ ရက်) နေ့လည် ၁ နာရီကျော်အချိန်ခန့်တွင် မြန်မာစစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းခေါ်သွားသည်။
အသက် ၃၈ နှစ်အရွယ် အဆိုပါသတင်းထောက်ဟောင်းမှာ မိမိအိမ်တွင် နေထိုင်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဟု မျက်မြင်များ၏ပြောပြချက်ကို ကိုးကားပြီး ညီမဖြစ်သူအေးမြတ်ခင်က DMG ကိုပြောသည်။
“အိမ်နားကလူတွေက ဖုန်းဆက်လာကြတယ်။ ကိုဖိုးသီဟကို ရဲနဲ့စစ်သားတွေက ဖမ်းသွားတယ်လို့ပြောတယ်။ သူ့ကို ရဲကားတစ်စီးမှာ လက်ထိပ်နဲ့မြင်လိုက်တယ်လို့ပြောပါတယ်”ဟု သူကပြောသည်။
ဖမ်းဆီးခံရသည့် ကိုဖိုးသီဟမှာ နေအိမ်ရှေ့တွင် ကလေးကစားစရာ အရုပ်ဆိုင်တစ်ခုဖွင့်ပြီး လုပ်ကိုင်စားသောက်နေသူတစ်ဦးဖြစ်သည်ဟုလည်း မိသားစုဝင်များကဆိုသည်။ လက်ရှိတွင် ၎င်းကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသေးသည့်အတွက် စိုးရိမ်မှုများရှိနေသည်ဟု ကိုဖိုးသီဟ၏ ညီမဖြစ်သူကပြောသည်။
“ဖမ်းဆီးခံရတယ်ဆိုတော့ စိုးရိမ်ကြောင့်ကြနေရတယ်။ အခုက သူ့ကို ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားလည်း မသိရသေးဘူး။ ခုနားလောက်က ဖုန်းဆက်ကြည့်တော့ လက်ကောက်ဈေးမှာ စစ်သားတွေ၊ ရဲသားတွေရှိသေးတယ်လို့ပြောကြတယ်”ဟု သူကဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အတည်ပြုနိုင်ရန်အတွက် မြောက်ဦးမြို့ရဲစခန်းမှ တာဝန်ရှိသူများနှင့် အဆက်အသွယ်ရရှိရန် DMG မှ ကြိုးပမ်းနေဆဲဖြစ်သည်။ ထို့ပြင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
ကိုဖိုးသီဟသည် ယခင်က ရခိုင်အခြေစိုက်သတင်းဌာနအချို့နှင့် ပြည်မသတင်းဌာနများတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
မြန်မာစစ်တပ်သည် စက်တင်ဘာလ ၄ ရက်နေ့ကလည်း မြောက်ဦးမြို့မှ ကိုရင်ဆို့(ခ)ကိုကျော်ဇံဝေကို နေအိမ်အတွင်းမှ ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။ ယင်းနောက် ကိုရင်ဆို့ကို CRPH/NUG တို့နှင့်ဆက်စပ်၍ ဖမ်းဆီးရခြင်းဖြစ်ကြောင်း၊ ယင်းအတွက် အမှုဖွင့်အရေးယူထားကြောင်း စစ်ကောင်စီက စက်တင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။