မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည့် ပုဏ္ဏားကျွန်းဒေသခံ ၇ ဦးပြန်လွတ်လာ

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့တွင် မြန်မာစစ်တပ်က ဖမ်းဆီးထားသော ဒေသခံ ၇ ဦးမှာ ယနေ့ (နိုဝင်ဘာလ ၁၁ ရက်) နံနက် ၁၁ နာရီအချိန်က ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုဝင်များထံမှသိရသည်။

By Admin 11 Nov 2022

မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည့် ပုဏ္ဏားကျွန်းဒေသခံ ၇ ဦးပြန်လွတ်လာ

DMG ၊ နိုဝင်ဘာ ၁၁

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့တွင် မြန်မာစစ်တပ်က ဖမ်းဆီးထားသော ဒေသခံ ၇ ဦးမှာ ယနေ့ (နိုဝင်ဘာလ ၁၁ ရက်) နံနက် ၁၁ နာရီအချိန်က ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုဝင်များထံမှသိရသည်။

ပြန်လွတ်လာသူများမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ နတ်ဆိပ်ရွာမှ ကိုမောင်မျိုးလွင်(၂၄ နှစ်)၊ ကိုရဲလင်းထွန်း (၂၅ နှစ်)၊ ကိုအောင်ကျော်ဌေး(၂၃ နှစ်)၊ တန်းစွယ်ရွာမှ ကိုမောင်စိုးဝင်း၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ် ကွက်မှ ကိုအောင်မျိုးသန်း၊ အောင်ဗိမာန်ဘုန်းကြီးကျောင်းမှ ဆွမ်းတကာ ကိုကျောက်ချေနှင့် အခြား တစ်ဦးတို့ ဖြစ်သည်။ ၎င်းတို့ကို ယနေ့မွန်းလွဲ ၁၁ နာရီခန့်က ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ကိုရဲလင်းထွန်း၏ မိသားစုဝင်တစ်ဦးက DMG သို့ အတည်ပြုပြောသည်။

“သူတို့ကို အပြစ်မရှိဘူးဆိုပြီးတော့ ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ပုဏ္ဏားကျွန်းမြို့မရဲစခန်းကနေ လွတ်လာတာပါ။ သူတို့ကို ဖမ်းတာကတော့ စစ်တပ်ကဖမ်းတာ။ နောက်တစ်နေ့ ရဲစခန်းပြန်ပို့လိုက် တယ်လို့ သိရတယ်။ ဘာတွေ စစ်ဆေးလည်းဆိုတာ မသိဘူး”ဟု ၎င်းကဆိုသည်။

၎င်းတို့ကို နိုဝင်ဘာလ ၈ ရက်နေ့ ညနေ့ ၈ နာရီခန့်က ဦးရာဇ်မင်္ဂလာကြိုးတံတားအောက်ရှိစားသောက်ဆိုင်တွင် စားသောက်နေကြစဉ် ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ(၅၅၀)တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ကားဖြင့်လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ပြီး (၃)ရက်အကြာမှ ပြန်လည်လွှတ်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

“ပြန်လွတ်လာတော့ ဝမ်းသာတာပေါ့။ အကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ရိုက်တာ၊ ပုတ်တာ တွေလည်းမရှိဘူး။ ဆိုင်ကယ်တွေ၊ ဖုန်းတွေကိုလည်း အားလုံးပြန်ပေးလိုက်တယ်”ဟု ကိုရဲလင်းထွန်း၏ မိသားစုဝင်ကဆက်ပြောသည်။

လက်ရှိ ရခိုင်ပြည်အနှံ့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဒေသခံများကို သံသယဖြင့်ဖမ်းဆီးမှုများ မြင့်တက်လျက်ရှိနေကာ တချို့မှာ ပြန်လည်လွတ်မြောက်လာသူများရှိသော်လည်း ပြန်မလွတ်သေးသူများလည်း ရှိနေသည်။