- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် စစ်တွေဒေသခံ ၉ ဦးကို စတင်ရုံးထုတ်
မြန်မာစစ်တပ်က ပြီးခဲ့သည့်လကဖမ်းဆီးခဲ့သော စစ်တွေဒေသခံ ၉ ဦးကို ယနေ့(ဇူလိုင်လ ၁၈ ရက်) နံနက်ပိုင်းက စစ်တွေမြို့နယ်တရားရုံးတွင် စတင်ရုံးထုတ်ခဲ့ကြောင်း သိရသည်။
18 Jul 2022
DMG ၊ ဇူလိုင် ၁၈
မြန်မာစစ်တပ်က ပြီးခဲ့သည့်လကဖမ်းဆီးခဲ့သော စစ်တွေဒေသခံ ၉ ဦးကို ယနေ့(ဇူလိုင်လ ၁၈ ရက်) နံနက်ပိုင်းက စစ်တွေမြို့နယ်တရားရုံးတွင် စတင်ရုံးထုတ်ခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၄ ရက်နေ့က စစ်တွေမြို့တွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်နှစ်ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးပြီးနောက် အဆိုပါဒေသခံများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဓညဝတီ(က)ရပ်ကွက်မှ ဦးမောင်ပု(၄၀ နှစ်)၊ သက္ကယ်ပြင်ရွာမှ ဦးဆော်လိမ်(ခေါ်)မောင်မောင်ခင်(၅၀ နှစ်)၊ ဆင်ကူးလမ်းရပ်ကွက်မှ ဦးခင်မောင်စော(၄၉ နှစ်)နှင့် ဗျိုင်းဖြူရွာမှ ဦးဘသိန်း(၅၇ နှစ်)တို့ကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် အမှုဖွင့်ထားသည်။
ထို့ပြင် စက်ရုံစုရပ်ကွက်မှ ဦးဇာနည်စိုး(ခေါ်)ခိုင်လင်း(၂၇ နှစ်)၊ ကုန်တန်းရပ်ကွက်မှ ဦးမောင်မောင်လင်း (၂၆ နှစ်)၊ ကိုကျော်အေးလှိုင်(၂၅ နှစ်)၊ ဗျိုင်းဖြူရွာမှ မောင်ဇံဦး (၁၉ နှစ်)နှင့် ဆတ်ရိုးကျရပ်ကွက်မှ မောင်ဇော်ဦး(၁၈ နှစ်)တို့ကို ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေပုဒ်မ- ၅(၁)(စ)(ဆ)တို့ဖြင့် အမှုဖွင့်ထားသည်။
“ဒီနေ့ ရုံးထုတ်ခဲ့တယ်။ ဘာမှတော့မလုပ်ခဲ့ဘူး။ လာမယ့်သြဂုတ် ၁ ရက်နေ့ကို ပြန်ချိန်းလိုက်တယ်။ သူနဲ့တော့ တရားရုံးမှာတွေ့ခွင့်ရခဲ့ပါတယ်။ ကျန်းကျန်းမာမာပါပဲ။ အားလုံးကောင်းပါတယ်။ နေရထိုင်ရတာတွေလည်း အဆင်ပြေပါတယ်တဲ့။ တရားရုံးကနေတော့ ဘယ်လိုအမိန့်ချလာမလဲတော့ မသိဘူး“ဟု ဦးဆော်လိမ်(ခေါ်) မောင်မောင်ခင်၏ အစ်မ ဒေါ်နီလာကပြောသည်။
၎င်းတို့အားလုံးကို မည်သည့်အတွက်ကြောင့် ပုဒ်မအသီးသီးတပ်၍ အမှုဖွင့်ထားသည်ကို မသိရသေးဟု မိသားစုဝင်များကဆိုသည်။ ရာဇာသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် အမှုဖွင့်ခံရသူလေးဦးကို လာမည့်သြဂုတ် ၁ ရက်နေ့တွင်လည်းကောင်း၊ ခြေချုပ်နှင့် ခံဝန်ဥပဒေဖြင့် တရားစွဲဆိုခံရသူ ငါးဦးကို လာမည့်ဇူလိုင်လ ၂၆ ရက်နေ့တွင်လည်းကောင်း ရုံးထုတ်ရန် ချိန်းဆိုလိုက်သည်။
မောင်ဇော်ဦးရဲ့ ဖခင်ဖြစ်သူက “ဇူလိုင်လ ၂၆ ရက်နေ့ကို ပြန်ပြီးချိန်းလိုက်ပါတယ်။ သူနဲ့တော့ တွေ့ခွင့်ရခဲ့ပါတယ်။ ကျန်းမာရေးတော့ ကောင်းတယ်လို့ပြောတာပါပဲ၊ သားလေးကို အမြန်ဆုံးပြန်လွှတ်ပေးရင်တော့ ကောင်းတာပေါ့“ဟု ဆိုသည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)တွင် ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ်တစ်ခုခုမှ အရာရှိအား (သို့တည်းမဟုတ်) တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏တာဝန်ဝတ္တတရားကို မလေးစားခြင်းသော်လည်းကောင်း၊ ပျက်ကွက်ခြင်းသော်လည်းကောင်း၊ ပြုစေရန် အကြံရှိလျှင် (သို့တည်းမဟုတ်) ထိုသို့ပြုစေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ ပုဒ်မ- ၅(၁)(စ)(ဆ)တို့တွင်လည်း ငြိမ်ဝပ်ပိပြားမှု ပျက်ပြားစေရေး ဖြစ်ပေါ်စေသည့်ပြစ်မှုကို ကျူးလွန်လေ့ရှိသူ၊ ထိုသို့ကျူးလွန်ရန်နှင့်အားထုတ်လေ့ရှိသူ၊ ထိုသို့ကျူးလွန်ရာ၌ အားပေးကူညီလေ့ရှိသူဟူ၍သော်လည်းကောင်း၊ ခြေချုပ်ဖြင့်သော်လည်းကောင်း၊ ခံဝန်ချုပ်ဖြင့်သော်လည်းကောင်း မထားရှိဘဲ လွတ်လပ်စွာနေထိုင်ခွင့်ပြုလျှင် ရပ်ရွာနေလူတစ်စုအား ဘေးဖြစ်စေလောက်အောင် အန္တရာယ်ပြုမည်ဟု စိုးရိမ်ရသူ (သို့မဟုတ်) ထိုကဲ့သို့ လွတ်လပ်စွာနေထိုင်ခွင့်ပြုလျှင် တစ်နည်းနည်း ဆိုးသွမ်းရမ်းကားမည်ဟု ရပ်ရွာနေလူတစ်စုက ထိတ်လန့်ကြောက်ရွံ့နေရသူဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဓညဝတီရပ်ကွက်မှ ဦးမောင်အေး အသက် ၅၂ နှစ် နှင့် ဦးသိန်းရွှေ အသက် ၄၂ နှစ်တို့ကို မှောင်ရိပ်ခိုမှုဥပဒေပုဒ်မ ၆၁(ဂ)နှင့် အမှုဖွင့်လှစ်ခဲ့ကာ စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် ၁ လချမှတ်ခဲ့သည်။