မြန်မာစစ်တပ်မှခေါ်ယူသွားသော အဘောင်သားအုပ်ချုပ်ရေးမှူး ၁၀ ရက်ခန့်ကြာသည့်တိုင် မလွတ်မြောက်သေး

တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်၏ ခေါ်ဆောင်ခြင်းခံခဲ့ရသည့် ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်မှာ ၁၀ ရက်ခန့်ကြာသည့်တိုင် လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများထံမှသိရသည်။  

04 Jun 2022

Photo - Travel Chin State

DMG ၊ ဇွန် ၄

တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်၏ ခေါ်ဆောင်ခြင်းခံခဲ့ရသည့် ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်မှာ ၁၀ ရက်ခန့်ကြာသည့်တိုင် လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများထံမှသိရသည်။  

မေလ ၂၆ ရက်နေ့က အဘောင်သားကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေ့လယ်ပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးနှစ်ဦးကို စစ်တပ်ကခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ ဆယ်အိမ်မှူးနှစ်ဦးကို မေလ ၃၀ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးလိုက်သော်လည်း အုပ်ချုပ်ရေးမှူးကိုမူ ဆက်လက်ဖမ်းဆီးထားခြင်းဖြစ်သည်။

“သူ့သမီးတစ်ယောက်တော့ ပလက်ဝမှာ ကျောင်းသွားတက်နေတာ။ အိမ်မှာကျန်တဲ့ ကလေး ၃ ယောက်နဲ့မိန်းမပဲရှိတယ်။ စိုးရိမ်တာပေါ့။ ဒါပေမဲ့ စစ်တပ်ဘက်ကို သွားပြောလို့လည်းမရဘူးလေ။ သူ့မိသားစုက တော်တော်စိတ်ပူနေကြတယ်။ သူ့မိန်းမလည်း ငိုပဲငိုနေတယ်။ အမြန်ပြန်လွှတ်ပေးရင်ကောင်းမယ်”ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးမှာ ပလက်ဝမြို့အခြေစိုက် ခလရ(၂၈၉) တွင် ထိန်းသိမ်းစစ်ဆေးခံနေရကြောင်း ဒေသခံများထံမှ သိရသည်။ တိုက်ပွဲဖြစ်ပွားရာအနီးပတ်ဝန်းကျင်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ယခုကဲ့သို့ဖမ်းဆီးခံလိုက်ရသောကြောင့် အခြားအုပ်ချုပ်‌ရေးမှူးများမှာလည်း စိုးရိမ်နေကြသည်။

“စိုးရိမ်မှုတော့ရှိပါတယ်။ သူ့ပုံစံလိုဖြစ်လာမှာစိတ်ပူတယ်။ အသက်အန္တရာယ်တွေကော တခြားဟာတွေကောပါပါတယ်။ တိုက်ပွဲတွေဖြစ်လာရင် မသက်ဆိုင်တဲ့ ပတ်ဝန်းကျင်ကလူတွေကို ကောက်ထည့်၊ ဆွဲထည့်မှာကို စိတ်ပူတယ်”ဟု ပလက်ဝမြို့ပေါ်မှ အုပ်ချုပ်ရေးမှူးတစ်ဦးကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြော‌ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

ရခိုင်ပြည်တွင် တိုက်ပွဲဖြစ်ပွားခဲ့စဉ်ကာလကလည်း မြန်မာစစ်တပ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ဖမ်းဆီးမှုများရှိခဲ့သောကြောင့် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်မှ အုပ်ချုပ်ရေးမှူးအများစုမှာ အဆိုပါဖမ်းဆီးမှုများကို ဆန့်ကျင်သည့်အနေဖြင့် ရာထူးမှနုတ်ထွက်မှုများ ရှိခဲ့ဖူးသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် နှစ်နှစ်ကျော်ကြာ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် နားလည်မှုသဘောဖြင့် အပစ်ရပ်ခဲ့ကြသည်။ သို့ရာတွင် ယခုနှစ်ပိုင်းအတွင်း နှစ်ဖက်တင်းမာမှုများ ဆက်တိုက်ဖြစ်ပေါ်လာရာ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ကြောင်း AA ဘက်ကပြောကြားထားပြီး စစ်တပ်ဘက်ကလည်း တစ်စုံတစ်ခုပြဿနာဖြစ်ပေါ်လာလျှင် အဆိုးမပြောရန် ပြောကြားသည်။