အမ်းတွင် ရဲစခန်းဟောင်းမြေနေရာရှိ နေအိမ်နှင့်ဈေးဆိုင်ခန်းများကိုဖယ်ရှားပေးရန် ဖိအားပေးခံနေရ

ရခိုင်ပြည်နယ်၊ အမ်းမြို့ဟောင်း လေယာဉ်ကွင်းရပ်ကွက်ရှိ၊ အမ်းမြို့မရဲစခန်းဟောင်း မြေနေရာပေါ်မှ နေအိမ်၊ အဆောက်အဦးများ၊ ဈေးဆိုင်ခန်းများအား လာမည့်မေလ(၂၁)ရက်နေ့တွင် နောက်ဆုံးထားဖယ်ရှားပေးရန် အမ်းမြို့နယ်ရဲတပ်ဖွဲ့က ဖိအားပေးနေကြောင်း သတင်းရရှိသည်။

25 Apr 2022

DMG ၊ ဧပြီ ၂၅

ရခိုင်ပြည်နယ်၊ အမ်းမြို့ဟောင်း လေယာဉ်ကွင်းရပ်ကွက်ရှိ၊ အမ်းမြို့မရဲစခန်းဟောင်း မြေနေရာပေါ်မှ နေအိမ်၊ အဆောက်အဦးများ၊ ဈေးဆိုင်ခန်းများအား လာမည့်မေလ(၂၁)ရက်နေ့တွင် နောက်ဆုံးထားဖယ်ရှားပေးရန် အမ်းမြို့နယ်ရဲတပ်ဖွဲ့က ဖိအားပေးနေကြောင်း သတင်းရရှိသည်။

အဆိုပါအဆောက်အဦးများကို သတ်မှတ်ရက်အမှီ ဖယ်ရှားခြင်းမရှိပါက ၁၉၅၅ ခုနစ်၊ အစိုးရအိမ်ဥပစာ အက်ဥပဒေနှင့်အညီ နှင်ထုတ်သွားမည်ဖြစ်ကြောင်း အသိပေးစာတွင်ဖော်ပြထားသည်။

ထိုသို့သတိပေးခံရခြင်းကြောင့် ထိုနေရာရှိ နေအိမ်နှင့်ဆိုင်ခန်းပိုင်ရှင်တို့က ယမန်နေ့က စတင်ဖြိုဖျက်နေကြကာ တချို့မှာလည်း နေစရာနေရာမရှိသည့်အတွက် မဖြိုဖျက်သေးဘဲ ယခင်အတိုင်း ထားရှိကြကြောင်း သိရသည်။

နေအိမ်ဖြိုဖျက်ပေးလိုက်ရသူတစ်ဦးက “ဌာနဆိုင်ရာတွေကရောက်လာပြီး ဒီနေရာတွေကိုဖြိုပေးရမယ်ဆိုတော့ ကျနော်တို့ဖြိုပေး လိုက်ရတာပဲ။ ဘာကြောင့်ဆိုတာလဲမသိဘူး။ ဒီနေရာတွေကို ကျနော်တို့ကဝယ်ပြီး နေနေကြတာပါဗျာ။ တစ်ကွက်ကိုသိန်း(၈၀)၊ (၁၀၀)နဲ့ဝယ်ခဲ့ရတာတွေပါ။ မိုးရာသီလည်းရောက်တော့မှာ၊ အခုနေစရာလည်းမရှိတော့ဘူး”ဟု DMG ကိုပြောသည်။

ဖြိုဖျက်ပေးလိုက်ရသည့် မိသားစုဝင်များမှာ လက်ရှိနေစရာမရှိတော့သည့်အတွက် မြေနေရာသစ်တစ်ခုသတ်မှတ်ပေးရန် အာဏာပိုင်များကိုတောင်းဆိုခဲ့သော်လည်း တစုံတရာပြောဆိုခြင်းမရှိကြောင်းလည်း နေအိမ်ဖြိုဖျက်ပေးလိုက်ရသူတို့ကဆိုသည်။

အဆိုပါနေရာမှာ ယခင်လေယာဉ်ကွင်းစီမံကိန်းဖြင့် ဖျက်သိမ်းခံခဲ့ရသောမြေများဖြစ်ပြီး လက်ရှိတွင်ထိုနေရာ၌ဖျက်သိမ်းပေးရမည့်စာရင်းထဲတွင် နေအိမ်၊ ဆိုင်ခန်းပေါင်း (၁၀၀)ကျော်ခန့်ပါဝင်ကြောင်း အမ်းမြို့ဒေသခံ ကိုမျိုးလွင်ထံကပြောသည်။

ကိုမျိုးလွင်က “၁၉၉၅ လောက်က လေယာဉ်ကွင်းစီမံကိန်းနဲ့ မြို့ကိုဖျက်သိမ်းလိုက်ပြီး လက်ရှိမြို့ သစ်နေရာကို ပြောင်းရွှေ့လိုက်တယ်။ ပြောင်းရွှေ့လိုက်တဲ့အခါ အဲဒီနေရာမှာ ဆိုင်တွေကလူမစည်တော့ ရောင်းဝယ်ရတာအခက်အခဲဖြစ်တယ်။ ဆယ်စုနှစ်တစ်ခုကြာလာတဲ့အခါ ဆိုင်ရောင်းဝယ်ရအဆင်မပြေတော့ အရင်ဆိုင်ဖွင့်ခဲ့တဲ့ ရဲစခန်းမြေနေရာတွေကို လစာပေးပြီးပြောင်း ရွှေ့ဆောက်ကြတယ်”ဟု ၎င်းကဆိုသည်။

ထိုဒေသခံတို့မှာ မြို့သစ်နေရာတွင် စားဝတ်နေရေးအလုပ်အကိုင်အဆင်မပြေကြသည့်အတွက် ယခင်လုပ်ကိုင်စားသောက်ခဲ့ကြသည့် ယခု(ရဲစခန်းဟောင်း)နေရာတွင် အာဏာပိုင်တို့ကို ငှားရမ်းခလစာပေးကာ အခြေချလာကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
သို့သော် NLD အစိုးရလက်ကနေစတင်ပြီး အာဏာပိုင်များက ငှားရမ်းခလစာများကောက်ခံခြင်းမရှိတော့ဘဲ ယခုအချိန်တွင် အပြီးဖယ်ရှားရမည်ဟု ဖိအားပေးလာခြင်းဖြစ်ကြောင်း အမ်းမြို့ခံတို့ထံမှ သိရသည်။

ထိုသို့ အမ်းမြို့မရဲစခန်း(ဟောင်း)မြေနေရာပေါ်ရှိ အဆောက်အဦး၊ ဈေးဆိုင်ခန်းများဖြိုဖျက်ပေးရမည့် အကြောင်းအရာနှင့်ပတ်သက်၍ အမ်းမြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးကြည်အား DMG မှ ဆက်သွယ်ခဲ့ရာတွင် “အဆိုပါကိစ္စအား သူ့အနေဖြင့်မသိကြောင်း”ဟု တုန့်ပြန်သည်။

အလားတူ ယခုဖြိုဖျက်ပေးလိုက်ရသည့်နေရာနှင့် ဆက်စပ်နေသည့် ထွေအုပ်ရုံးဟောင်းနေရာနှင့် လေယာဉ်ကွင်းခြံစည်းရိုးအနီးမှ နေအိမ် ၁၀၀ ခန့်ကိုလည်း ယခုလ ၃၀ ရက်နေ့တွင် အပြီးဖယ်ရှားပေးရန် ရဲတပ်ဖွဲ့ကသတိပေးထားကြောင်းလည်း ဒေသခံများ ပြောပြချက်အရသိရသည်။

ယင်းအပြင် ယခင်ဧပြီလ (၂၀)ရက်နေ့ကလည်း စစ်တပ်ပိုင်မြေ၌ ကျူးကျော်နေထိုင်သည်ဟုဆိုကာ စစ်တပ်ကဖိအားပေးမှုကြောင့် အမ်းမြို့သစ်အနီး တောင်ကုန်းပေါ်မှနေအိမ်များ ဖြိုဖျက်ပေးခဲ့ရသည်။