မြန်မာစစ်တပ်က ဖမ်းဆီးထားသော ကျောက်ဖြူဒေသခံနှစ်ဦးနှင့် ပလက်ဝဒေသခံနှစ်ဦးတို့ကိုရုံးထုတ်

မြန်မာစစ်တပ်ကဖမ်းဆီးပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည့် ကျောက်ဖြူမြို့၊မူရွင်းကျေးရွာမှ ဒေသခံနှစ်ဦးတို့ကို ဇူလိုင်လ ၁၅ ရက်နေ့က  ရုံးထုတ်ခဲ့ကြောင်း သိရသည်။

16 Jul 2022

DMG ၊ ဇူလိုင် ၁၆

မြန်မာစစ်တပ်ကဖမ်းဆီးပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည့် ကျောက်ဖြူမြို့၊မူရွင်းကျေးရွာမှ ဒေသခံနှစ်ဦးတို့ကို ဇူလိုင်လ ၁၅ ရက်နေ့က  ရုံးထုတ်ခဲ့ကြောင်း သိရသည်။

မူရွင်းရွာမှ အသက်(၂၈)နှစ်အရွယ် ကိုစိုင်းဝဏ္ဏကျော်နှင့် အသက်(၂၀)အရွယ် မောင်ထွန်းထွန်းဇော်တို့ကို မြန်မာစစ်တပ်က ဇွန်လ ၂၄ ရက်နေ့တွင် ဇင်ချောင်းရဲစခန်းအနီး ဖမ်းဆီးလိုခဲ့ခြင်းဖြစ်သည်။ မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို လက်ရှိအချိန်ထိမသိရှိရသေးကြောင်း မိသားစုဝင်များကဆိုသည်။

၎င်းတို့အမှုကို ယမန်နေ့က ကျောက်ဖြူမြို့နယ်တရာရုံးတွင် ရုံးထုတ်ခဲ့သော်လည်း တစ်စုံတစ်ရာစစ်ဆေးခဲ့ခြင်းမရှိဘဲ လာမည့် ဇူလိုင်လ ၂၉ ရက်နေ့သို့ ရုံးချိန်းရွှေ့ဆိုင်းလိုက်သည်ဟု ကိုစိုင်းဝဏ္ဏကျော်၏ အစ်ကိုဖြစ်သူက ပြောသည်။

“စစ်ဆေးစရာရှိလို့ ခဏခေါ်ပါတယ်ပြောပြီး အခုလိုတရားစွဲဆိုတာက မဖြစ်သင့်ဘူး။ မတရားခံနေရတယ်လို့လည်း မြင်မိတယ်"ဟု သူကဆိုသည်။

အလားတူ မြန်မာစစ်တပ်ကဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ -၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည့် ပလက်ဝမြို့မှ ဦးမောင်မဲကျော့နှင့် မြို့မရပ်ကွက်ရာအိမ်းမှူး ဦးမောင်ဝင်းတို့ကိုလည်း ဇူလိုင်လ ၁၃ ရက်နေ့က ပလက်ဝ မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

“ရုံးထုတ်တော့ ဘာမှမလုပ်ခဲ့ပဲ ခဏလေး မျက်နှာပြရုံလောက်ပဲ။ အမှုလည်းမဆုံးဖြတ်ဘူး။ ကြားနာမှုတွေလည်း တစ်ခုမှမရှိပဲနဲ့  ဇူလိုင်လ ၂၃ ရက်နေ့ကို ပြန်ပြီးရုံးချိန်းလိုက်ပါတယ်။ တစ်ယောက်ကို ၅ မိနစ်လောက်တော့ တွေ့ခွင့်ရခဲ့ပါတယ်“ဟု သူကဆိုသည်။

၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့်ဇွန်လ ၈ ရက်နေ့က မေးမြန်းစရာရှိသည်ဟုဆိုပြီး မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များက နေအိမ်မှ ခေါ်ဆောင်သွားခြင်းဖြစ်ကာ ဇွန်လ ၂၉ ရက်နေ့တွင် ပလက်ဝမြို့မှ ရဲစခန်းကို လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်ဟု ဦးမောင်ဝင်း၏ မိသားစုဝင်တစ်ဦးက DMG ကိုပြောသည်။

၅ မိနစ်ကြာ တွေ့ဆုံခွင့်ရရှိခဲ့သည့်အချိန်တွင် ဦးမောင်ဝင်းကို ကျန်းကျန်းမာမာမြင်တွေ့ခဲ့ရသော်လည်း ဦးမောင်မဲကျော့မှာ မရွှင်မလန်းမျက်နှာအနေအထားကို မြင်တွေ့ခဲ့ရသောကြောင့် ၎င်း၏ကျန်းမာရေးအတွက် စိုးရိမ်မိကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“ဦးမောင်မဲကျော့ကို ကြည့်လိုက်ရတဲ့မျက်နှာကတော့ လုံးဝနေကောင်းကျန်းမာတဲ့ မျက်နှာမမြင်ပါ။ ဘာလို့ဆို သူ့မျက်နှာတွေက စက်ရုပ်ပုံစံတွေလိုပါ။ အရင်တုန်းက အရုပ်နဲ့လည်းမတူ။ နံရိုးတွေပေါ်လို့ မျက်စိတွေလည်း မျက်ချောင်နက်ပြီးတော့ မျက်နှာတွေလည်း ဖြူဖတ်ဖြူရော်ဖြစ်နေတယ်။ ရင်ဘတ်တွေလည်းအောင့်တယ်တဲ့။ နောက်ကျောတွေလည်းနာပြီး လက်တစ်ဖက်လည်း လုံးဝမလှုပ်နိုင်လို့ပြောတယ်။ ငွေရေးကြေးရေးလည်း မတတ်နိုင်တော့ ရှေ့နေလည်းမငှားနိုင်ဘူး။ သူတို့စီမံရာအတိုင်း ခံရမှာပါပဲ“ဟု သူကဆိုသည်။

လတ်တလောတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာလျက်ရှိပြီး မိမိတို့အဖွဲ့ဝင်များကို မြန်မာစစ်တပ်က ဖမ်းဆီးနေသောကြောင့် ရဲနှင့်စစ်သားများကို ဖမ်းဆီးရခြင်းဟု ရက္ခိုင့်တပ်တော်ဘက်ကပြောကြားထားသည်။

မြန်မာစစ်တပ်ဘက်ကလည်း ရဲနှင့်စစ်သားများ အဖမ်းခံရလျှင် ဒေသခံအများအပြားကို သံသယဖြင့်ဖမ်းဆီးတတ်ပြီး ဇွန်လအတွင်း ဒေသခံ ၅၀ ဦးခန့်ကို ဖမ်းဆီးခဲ့သည်။ ရက္ခိုင့်တပ်တော်ကမူ ဇွန်လအတွင်းတွင် ရဲနှင့်စစ်သား ၁၄ ဦးခန့်ကို ဖမ်းဆီးခဲ့သည်။