မြန်မာနိုင်ငံတွင် ငှက်မျိုးစိတ်ပေါင်း ၅၀ ကျော် မျိုးတုံးမည့်အရေးနှင့်ကြုံတွေ့နေရ

မြန်မာနိုင်ငံတွင် ဆောင်းခိုငှက်၊ ဌာနေငှက်အပါအဝင် ငှက်မျိုးစိတ်ပေါင်း ၅၀ ကျော်မှာ မျိုးတုံးမည့်အရေးနှင့်ရင်ဆိုင်နေရပြီဖြစ်ကြောင်း သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။

13 Oct 2021

DMG ၊ အောက်တိုဘာ ၁၃

မြန်မာနိုင်ငံတွင် ဆောင်းခိုငှက်၊ ဌာနေငှက်အပါအဝင် ငှက်မျိုးစိတ်ပေါင်း ၅၀ ကျော်မှာ မျိုးတုံးမည့်အရေးနှင့်ရင်ဆိုင်နေရပြီဖြစ်ကြောင်း သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။

မဆင်မခြင် ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် မြန်မာနိုင်ငံတွင် အနီရောင်စာရင်းဝင် ဆောင်းခိုငှက်များဖြစ်သည့် ရေညှောင့်နုတ်ဝိုင်းငှက်၊ နုတ်တိုနုတ်ရှည်ငှက်၊ ကြိုးကြာငှက်တို့အပါအဝင် တခြားငှက်မျိုးစိတ် ၅၀ ကျော်မှာ မျိုးတုံးမည့် အရေးနှင့်ကြုံတွေ့နေရပြီး အရေးတကြီးထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်နေကြောင်း သိရသည်။

မြန်မာ့သဘာဝထိန်းသိမ်းရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးပြည့်ဖြိုးအောင်က “ကျနော်တို့မြန်မာနိုင်ငံမှာတော့ ငှက်မျိုးစိတ်ပေါင်း ၁၁၃၀ ကျော်ရှိတယ်။ အဲဒီထဲမှာ ဆောင်းခိုငှက်ကော၊ ဌာနေ ငှက်တွေကောပါတယ်ပေါ့နော်။ မြန်မာနိုင်ငံမှာ မျိုးတုံးမဲ့အန္တရာယ်နဲ့ကြုံတွေ့နေရတဲ့ ငှက်မျိုးစိတ်ပေါင်း ၅၀ ကျော်လောက်ရှိနေပြီ။ ရခိုင်အတွက်ကတော့ အရေးတကြီးထိန်းသိမ်းရမဲ့ ငှက်မျိုးစိတ်ထဲမှာမှ နံ့သာကျွန်းမှာရှိတဲ့ ရေညှောင့်နုတ်ဝိုင်းငှက်၊ နုတ်တိုနုတ်ရှည်ငှက်တွေက ၂၀၁၈ ခုနှစ်နောက်ပိုင်း ရခိုင်မှာဆိုရင် ပျောက်သွားပြီ။ ကြိုးကြာငှက်မျိုးစိတ်တွေလည်းပါတယ်။ အဲဒီငှက်တွေကို လုံးဝထိန်းသိမ်းဖို့လိုအပ်ပါတယ်“ဟု ဆိုသည်။

ရခိုင်ပြည်ထဲတွင် ရေညှောင့်နုတ်ဝိုင်းငှက် အရေအတွက်မှာ တပြည်နယ်လုံးအတိုင်းအတာဖြင့် အကောင်ရေ ၂၀ ဝန်းကျင်ခန့် သာရှိပြီး၊ နုတ်တိုနုတ်ရှည်ငှက်မျိုးစိတ်မှာ ၂၀၁၈ ခုနှစ်နောက်ပိုင်းလုံးဝပျောက်ကွယ်သွားသလို၊ ကြိုးကြာငှက်မျိုးစိတ်မှာလည်း မျိုးတုံးမည့်အရေးနှင့် ကြုံတွေ့ရပြီဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ရေညှောင့်နုတ်ဝိုင်းငှက်မှာ ရုရှားနိုင်ငံအရှေ့မြောက်ပိုင်းမှ မျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို နိုဝင်ဘာလတွင်စပြီး လာရောက်ဆောင်းခိုလာကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ငှက်များကို ဖမ်းဆီးသတ်ဖြတ်စားသောက်နေမှုများကို ပြဌာန်းထားသည့် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်ရန်လိုအပ်သလို ပြည်သူများကိုလည်း အသိပညာပေးမှုများဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း မြန်မာ့သဘာဝထိန်းသိမ်းရေးအဖွဲ့အမှုဆောင်ဒါရိုက်တာ ဦးပြည့်ဖြိုးအောင်က ဆက်ပြောသည်။

“ဥပဒေကရှိတယ်။ တကယ်တမ်းအောက်ခြေမှာ အရေးယူ ဆောင်ရွက်တာတွေမရှိဘူးဆိုရင် ဘာမှမထိရောက်ဘူး။ အဲဒါကြောင့်ဥပဒေအရေးယူမှုတွေလည်းထိရောက်ဖို့ လိုသလို၊ တဖက်မှာလည်း ဒေသခံပြည်သူတွေအနေနဲ့ အသိပညာကြွယ်ဝဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒါမှသာလျင်နှစ်ဖက်စလုံးထိန်းသိမ်းပြီးသားဖြစ်မှာပေါ့။ ဥပဒေတစ်ခုတည်းနဲ့အချိန်တိုင်းအရေးယူဆောင်ရွက်နေလို့လည်းမရဘူးပေါ့။ ဒေသခံတွေဖက်ကလည်း ထိန်းသိမ်းတတ်လာအောင် သူတို့က ဘယ်လောက်ထိ တန်ဖိုးရှိနေတယ်ဆိုတာကို သိဖို့လိုအပ်ပါတယ်“ဟု ၎င်းကဆိုသည်။

အဆိုပါငှက်များကို ဆက်လက်ပြီး သတ်ဖြတ်ခြင်းမပြုလုပ်ရန်အတွက် ဒေသခံပြည်သူများ၊ ဒေသခံအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ သစ်တောဦးစီးဌာနနှင့် အာဏာပိုင်အဖွဲ့အစည်းများ စသည်တို့ပူးပေါင်းဆောင်ရွက်ပြီး ငှက်မျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သည်ဟုလည်း ရခိုင်ဇီဝမျိုးစုံ၊မျိုးကွဲ နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ရန်နောင်စိုးကပြောသည်။

“မျိုးမတုန်းရအောင် ဘယ်လိုမျိုးထိန်းသိမ်းကာကွယ်သင့်လဲဆိုတော့ သူတို့ကျက်စားရာနေရာကိုလိုက်ပြီး သူတို့ကိုသတ်ဖြတ်တာတွေမလုပ်ပဲ ထိန်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ပေးကြဖို့နဲ့ လူထုကျေးရွာက ဒေသခံတွေကို အသိပညာပေးမှုတွေ လုပ်ပေးဖို့လိုအပ်ပါတယ်” ဟု ဆိုသည်။

ဇီဝမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၉ ၊ ပုဒ်မခွဲ(က)အရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်ပါက အနည်းဆုံးထောင်ဒဏ် ၃ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မွန်ပြည်နယ်နှင့် ရန်ကုန်ကြား မုတ္တမပင်လယ်ကွေ့ကျွန်းနှင့် ရခိုင်ပြည်နယ် နံ့သာကျွန်းတို့သည် ငှက်မျိုးစိတ်အများအပြား ကျက်စားနေထိုင်ရာနေရာဖြစ်သည်ဟုလည်း သိရသည်။