- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မော်လမြိုင် အထကကျောင်း ဘေးနံရံပြိုကျပြီး လူ ၅ ဦးသေဆုံး
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ဘေးနံရံပြိုကျမှုကြောင့် အနီးအနားရှိ ဒေသခံ(၅)ဦး ပိမိကာ သေဆုံးခဲ့ပြီး တစ်ဦးမှာ(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
22 Jul 2022
DMG ၊ ဇူလိုင် ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ဘေးနံရံပြိုကျမှုကြောင့် အနီးအနားရှိ ဒေသခံ(၅)ဦး ပိမိကာ သေဆုံးခဲ့ပြီး တစ်ဦးမှာ(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက် ညပိုင်းမှစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်၊ တောင်ရိုးတန်းလမ်းရှိ အဆိုပါစာသင်ကျောင်း အနောက်ဘက်ဘေးနံရံမှာ ကွဲအက်နေခြင်းဖြစ်ပြီး ယနေ့(ဇူလိုင် ၂၃ ရက်) နံနက် ၉ နာရီခွဲအချိန်တွင် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ရွှေတောင်ရပ်ကွက်နေ ဒေသခံတစ်ဦးကပြောသည်။
“ကျောင်းနံရံ ပြိုကျတာပါ။ မနေ့ညကတည်းက မိုးအရမ်းရွာနေတာ။ ဆိုတော့ နံရံတွေအက်ပြီး ပြိုတာဖြစ်မယ်။ အနားက လဘက်ရည်ဆိုင်ကို မြေပြိုကျသွားတယ်။ ငါးယောက်ပိပြီး သေတယ်။ တစ်ယောက်ကတော့ ဆေးရုံကို ပို့လိုက်တာတွေ့ရတယ်”ဟု ၎င်းဒေသခံကပြောသည်။
သေဆုံးသူများမှာ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၃)ဦးတို့ဖြစ်ကြပြီး နောက်ထပ် အမျိုးသားတစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့မှုကြောင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း မော်လမြိုင်မြို့ရှိ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များထံမှ သိရသည်။
“စာသင်ကျောင်းအနီးက လဘက်ရည်ဆိုင်ကို ပြိုကျတာ။ လဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့သူတွေ့အပေါ် နံရံပိသွားတယ်။ ၅ ယောက်သေတယ်။ တစ်ဦးက မစိုးရိမ်ရဒဏ်ရာ ရသွားတယ်။ ထိခိုက်သေဆုံးတဲ့အထဲမှာ အသက် ၂၀ ကျော်အရွယ် တစ်ဦးပါတယ်။ ကျန်တာက အသက်ကြီးပိုင်းတွေပဲ”ဟု လူမှုကူညီရေးအသင်း အဖွဲ့ဝင်တစ်ဦးကဆိုသည်။
အဆိုပါနေရာမှာ ၂၀၂၁ ခုနှစ် သြဂုတ်လကလည်း တစ်ကြိမ်ပြိုကျဖူးပြီး လူတစ်ဦး ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ရွှေတောင်ရပ်ကွက် ဒေသခံများထံမှသိရသည်။
“ဒီနေရာက အခုအကြိမ်နဲ့ဆို နံရံပြိုကျတာနှစ်ခါရှိပြီ။ အရင်နှစ် မိုးတွင်းတုန်းက တစ်ခါပြိုဖူးတယ်။ အဲဒီတုန်းလည်း တစ်ယောက် မြေပိပြီးသေဆုံးခဲ့ဖူးတယ်”ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
ယခုနံရံပြိုကျမှုဖြစ်စဉ်တွင် မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့အပါအဝင် ဒေသခံလူမှုကူညီရေးအသင်း(၅)ခုက ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်ခဲ့ပြီး ထိခိုက်သေဆုံးသူများကို မော်လမြိုင် ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။